Monday, 19 February 2007

မှတ်စုဟောင်းများ

သူတော်ကောင်းအဖြစ်သိနိုင်သော အကြောင်းလက္ခဏာ (၄)ပါး
  1. သူတစ်ပါးအပြစ်ကို၊မမေးရင်မပြော၊မေးရင်တောင်နည်းနည်းပဲပြောတယ်။
  2. မိမိအပြစ်ကိုတော့၊မမေးပေမယ့်၊ပြောသင့်ရင်ပြောပြတတ်တယ်၊၊မေးရင်လည်းပြည့်ပြည့်စုံစုံ ပြောတတ်တယ်၊၊
  3. သူတစ်ပါးဂုဏ်ကျေးဇူးကို ဘယ်တော့မှမမေးပေမဲ့ ပြောပြတတ်တယ်၊၊
  4. မိမိရဲ့ ဂုဏ်ကျေးဇူးကို မမေးရင်မဖေါ် မေးရင်တော့ အနည်းငယ်မျှသာ ပြောပြတတ်တယ်၊၊
“တစ်ယောက်စကား၊တစ်ယောက်နားမှာ မခါးရအောင် မောင်တို့ဆိုစေ၊ ပျားသကာသို့ ချိုလှစေ၊၊”(ရှင်မဟာရဌသာ၇)

စကားဆိုတာ၊ တစ်ဦးတစ်ယောက်နှုတ်ကပြောပြီးတဲ့ နောက်မှာမှ အသက်ဝင် ရပ်တည်တာ၊ အကျိုးဆက်ဖြစ်ပေါ်တာ၊၊ (အီမီလီဒစ်ကီဆွန်)

သု စိ ပု ဘာလိ သိ ဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊နေ့တိုင်းဆင်လော့၊၊”
  • သု = သုဏေယျ (ကြားနားပါ)
  • စိ = စိန္တေယျ ( ကြံစည်ပါ)
  • ပု = ပုစ္တေ္ဆယျ (မေးမြန်းပါ)
  • ဘာ = ဘာသေယျ (ဆွေးနွေးပါ)
  •ိ = ၀ိစာရေယျ (စူးစမ်းပါ၊သုသေသနပြုပါ)
  • လိ = လိက္ခေယျ (ရေးသားပါ)
  • သိ = သိက္ခေယျ (လေ့ကျင့်ပါ)
  • ဓာ = ဓာရေယျ (ကျက်မှတ်ပါ)
“လူကြိုက်များအောင်နေထိုင်နည်း(၆)နည်း”
  1. အခြားသူများပေါ်တွင် အဟုတ်အဟတ်စိတ်ဝင်စားပါ၊၊
  2. ပြုံးပါ၊၊
  3. လောကတွင် သုတိ-အသာအယာဆုံးအသံသည် မိမိနာမည်ကို လူတစ်ယောက်ကခေါ်လိုက်သောအခါ ကြားရသောအသံဖြစ်ကြောင်းသတိပြုပါ၊၊
  4. တဖက်သားစိတ်ဝင်စားလျှက်ရှိသော ကိစ္စမှနေ၍ ဆွဲဆောင်ပါ၊၊
  5. တဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ၊၊တဖက်သား သူတို့အကြောင်းပြောပြရန် အားပေးပါ၊၊
  6. တဖက်သားအား သူ့ကိုယ်သူ အထင်ကြီးလာအောင် လုပ်ပေးပါ၊၊ဤသို့လုပ်ရာတွင် စိတ်ရောကိုယ်ပါ လုပ်ပေးပါ၊၊
(မိတ္တဗဟဠီကာမှ ကောက်နုတ်ထားပါသည်၊၊)

Wednesday, 14 February 2007

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သောအချက်များ

အပါယ်လေးပါးဆိုသည်ကား ...
၁၊၊ ငရဲ - ချမ်းသာအနည်းငယ်မျှမရှိပဲ မီးတောက်မီးလျှံ၊ ဓားလှံစက်တို့၌ခံရခြင်းကို “ငရဲ”
ဟုခေါ်ပါသည်၊၊
၂၊၊ တိရစ္ဆာန် - တရားမသိ၊စားခြင်း၊အိပ်ခြင်း၊မေထုံမှီဝဲခြင်းကိုသာသိသော၊သတ္တ၀ါ၊
မဂ်-ဖိုလ် မှ ဖီလာကန့်လန့်ဖြစ်သော “
သတ္တ၀ါ” ၊၊
၃၊၊ ပြိတ္တာ - ချမ်းသာသုခကင်းသေးသော ဖုတ်၊တစ္ဆေ စသော
သတ္တ၀ါ၊၊
၎၊၊ အသူရကာယ် - စည်းစိမ်ချမ်းသာမြူးထူးခြင်း၊စသည်တို့ဖြင့် မထွန်းပတတ်သော
သတ္တ၀ါ၊၊
(နေ့ခံ၍ ညဉ်ခံ၊
ညခံနေ့စံ သော သတ္တ၀ါ၊၊)
(အပါယ် ကောင်းမှုနှင့် မပြည့်စုံသော “ငရဲ”)

ကပ်သုံးပါး
၁၊၊ ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါးငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း၊၊
၂၊၊ သတ္တရကပ် = သေစေတတ်သော ဓား၊လှံ၊သေနတ် စသောလက်နက်တို့ဖြင့်
အချင်းချင်းတိုက်ခိုက်ထိုးခုန်၍
များစွာသေကြေပျက်စီးခြင်း၊၊
၃၊၊ ရောဂန္တရကပ် = ကူးစက်တတ်သော အနာရောဂါကျရောက်သဖြင့်
များစွာသေကြေပျက်စီးခြင်း၊၊
(ကပ် = ကာလ၊ အပိုင်းအခြား)

ရပ်ပြစ်ရှစ်ပါး
၁၊၊ ငရဲ - ချမ်းသာအလျဉ်းမ၇ှိသော အရပ်၊၊
၂၊၊ တိရစ္ဆာန်- မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ၊၊
၃၊၊ ပြိတ္တာ - ချမ်းသာ သုခကင်းဝေးသော ဖုတ်၊ တစ္ဆေ စသော သတ္တ၀ါ၊၊
၎၊၊
အံသညဇော - အရူပဘုံ၊ အသညတ်သတ်ဘုံ၊၊
၅၊၊ပစ္စန္တရော - ရတနာသုံးပါးမတည်၍ ရိုင်းစိုင်းသောသူတို့အရပ်၊၊
၆။ဝိကလိန္ဒြယ - ပဋိသန္တေအားဖြင့်၊ကျိုး၊ကန်း၊ဆွံ့၊အသောသူအဖြစ်၊၊
ရ၊၊ မိစ္ဆာဒိဌိ - မှားသောအယူကိုယူသော
မိစ္ဆာဒိဌိ တက္ကဒွန်းဖြစ်ရခြင်း၊၊
၈၊၊ ဗုဒ္ဓသုညောတိဟေတုကော - ဘုရားမရှိသော အခါကာလ၌ တိဟိတ် ပဋိသန္ဒေ္ဓနေသောသူ၊၊
(
ရပ်ပြစ်ရှစ်ပါး=မဂ်ရခြင်းမှ ကင်းသော အရပ်ရှစ်ပါး)

ရန်သူမျိုးငါးပါး
မီး = လောင်းကျွမ်းစေတတ်သော ဓါတ်တစ်မျိုး၊၊
ရေ = သောက်၊ ချိုး၊ ဖွတ်၊လျှော်၊ဆေးကြောရသော အရည်ဓါတ်တစ်မျိုး၊၊
မင်း = ရေ၊မြေကို အစိုးရသော လောကသမုတိနတ်၊၊
ခိုးသူ = သူတစ်ပါး ပစ္စည်းကို မသိအောင် တိတ်တဆိတ်ယူတတ်သောသူ၊၊
မချစ်မနှစ်သက်သောသူ = မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်းကြံတတ်သူ၊၊

ဝိပတ္တိတရားလေးပါး
ဂတိ ၀ိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်ရခြင်း၊၊
ဥပဓိ
ဝိပတ္တိ = ယုတ်ညံသော အတ္တဘောကိုရခြင်း၊၊
ကာလ
ဝိပတ္တိ = မကောင်းသောမင်းတို့ဧ၊၊် လက်ထက်ဟုဆိုရသောကာလ၊၊
ပယောဂ
ဝိပတ္တိ = မကောင်းသော လုံလရှိခြင်း၊၊

ဗျသနတရား ငါးပါး

ဥာဏ ဗျသန = အဆွေအမျိုးတို့ ပျက်စီးခြင်း၊၊
ဘောဂ
ဗျသန = စည်းစိမ်ဥစ္စာအရာထူးတို့ပျက်စီးခြင်း၊၊
ရောဂ
ဗျသန = အနာရောဂါကြောင့်ပျက်စီးခြင်း၊၊
ဒိဌိ
ဗျသန = ကောင်းသောအယူဝါဒ၊ ပျက်စီးခြင်း၊၊
(ဗျသန = ပျက်စီးခြင်း)

ရေငုံဆရာတော်သြ၀ါဒ
မည်၍မည်မျှပင်စားရစားရ၊ တစ်ဝမ်းဝရုံပဲ၊၊
မည်၍မည်မျှပင်ဝတ်ရ၀တ်ရ၊ သားရေပြားဖုံးရုံပဲ၊၊
မည်၍မည်မျှပင်အိပ်ရအိပ်ရ၊ တစ်ကိုယ်စာလေးပဲ၊၊
မည်၍မည်မျှပင်ပစ္စည်းရှိရှိ၊ သေလျှင်ထားခဲ့ရတာချည်းပဲ၊၊
ကုသိုလ်ပြုလျှင် ကိုယ်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့၊၊

မှတ်ချက်၊၊ ၊၊(လက်ကမ်းစာစောင်တစ်ခုမှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်၊၊)

Tuesday, 13 February 2007

“လေလွင့်သူရဲ့တိမ်”

“လေလွင့်သူရဲ့တိမ်”
မုန်းတီးမှုများ ၊ စားသုံးရင်း
ခွန်အားသစ်တွေ၊ ဖြစ်ခဲ့ပြီ၊၊
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
ရေတိုက်စားရင်း၊ငြိမ်းခဲ့ပြီ၊၊
လွဲချော်သွားတဲ့ နာရီများအတွက်
အိမ်မက်တွေကို ဖြတ်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်းစိန်ခေါ်ခဲ့ရပြီ၊၊
ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးသွားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျတဲ့အခါ
ဘ၀ဆိုတာ ကောလဟာလပါပဲ၊၊
ရွှေရှာသူများ၊
ငွေရှာသူများ၊
နေရာယူသူများ၊
အားလုံးရဲ့နောက်မှာ...ငါ
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်.....၊
ဒါပေမဲ့....
ဘာတွေမှတွေးမနေနဲ့တော့
တိမ်တွေရဲ့ကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကိုမတောင်းဆိုလိုက်လေနဲ့
အိနြေ္နကြီးတဲ့ ကောင်းကင်ကြီးလို
နေလိုက်ပေါ့ကွယ်၊၊
(ဂျူး)
မှတ်ချက်၊၊ စာရေးဆရာမ ဂျူးရဲ့ ကဗျာလေးကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်ရှင့်)

ချစ်သမီးအတွက်

သမီးလေးရေ
“ကြည်လင်တဲ့စိတ်
မွန်မြတ်တဲ့ စေတနာ
ကြီးမားတဲ့ ဇွဲလုံးလ
ခိုင်မာတဲ့ယုံကြည်ချက်
မြင်မြတ်တဲ့ ကိုယ်ကျင့်တရား ”
တွေကို ပိုင်ဆိုင်နေမယ်လို့ ဖေဖေ ယုံကြည်နေတယ် သမီး၊၊
သမီးရေ...
လူတစ်ယောက်မှာ အကောင်းတွေရှိသလို အဆိုးတွေလည်း မကင်းကြဖူး၊၊
အမှန်တွေကို လုပ်မိသလို အမှားကိုလည်း ကြုံကြိုက်မိတာချည်းပါပဲ၊၊
ငါ့သမီး လူကြီးဖြစ်သွားမဲ့အချိန်မှာ - စိတ်ထင်ရာမပြောမိစေဖို့ပါပဲသမီး၊
မာယာတွေများတဲ့ လောကကြီးမှာ ဟန်ဆောင်ရတဲ့အပိုင်းတွေအများကြီးရှိတယ်၊။
“စကားတစ်ခွန်းထွက်မယ်ကြံရင် အဲဒီစကားရဲ့ အဓိပ္ပါယ် ဘယ်လောက်ထိရောက်သလဲ-
ဘာအကျိုးတွေထူးလာသလဲ ဆိုတာကို ပထမဆုံးစဉ်းစား၊ ပြောသင့်ရင် ပြောချလိုက်ပေါ့၊၊
မပြောသင့်ရင်တော့ နှုတ်ဆိတ်နေလိုက်ပေါ့၊၊မပြောသင့်တဲ့စကားကို အရမ်းပြောချင်နေတယ်ဆိုရင်တော့
စာရွက်တစ်ရွက်မှာရေးချလိုက်၊၊ ပြီးတော့ အစဖျောက်ပစ်လိုက်ပါ၊၊
လူတိုင်းဟာ ချိုသာတဲ့စကားကို သဘောကျနှစ်ခြိုက်ကြတယ်ကွဲ့၊၊အတွင်းစိတ်ကို မထိုးဖောက်၊ မသိမြင်ပဲ
အပေါ်ယံလေးသာ သိကြ၊ကြည့်ကြတဲ့သူတွေနှင့် ဆက်ဆံလာရတဲ့အခါ- သမီးကို ၈ျစ်ကန်ကန်နဲ့
ကတ်လှချည်းလားလို့ အထင်မှား၊ အမြင်မှားတွေကို မထင်စေချင်၊မမြင်စေချင်ဖူးကွယ်၊၊
“စံပြ အမျိုးသမီးကောင်းတစ်ယောက်အဖြစ် လူပုံအလယ်မှာ ရပ်တည်နေနိုင်ဖို့ထက် ကိုယ်ကျင့်တရား
မြင့်မြတ်ပြီး စိတ်ထားဖြူစင်တဲ့ သူတစ်ယောက်အဖြစ် မိမိကိုယ်ကို ယုံကြည်နိုင်စေဖို့ ဖေဖေတိုက်တွန်း
လိုက်ပါတယ်၊
သမီး
မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ကာလကြားကို “ဘ၀”လို့ သတ်မှတ်ရင် ဘ၀ကို အရွယ်သုံးပါးနဲ့
ပိုင်းဆစ်ပြီး မျှဝေလုပ်ကိုင်ခြင်းနဲ့ ဘ၀အလှဆင်ရန် နီတိ တစ်ခု လက်ဆောင်ပြုလိုက်ပါတယ်၊၊
“ ပထမအရွယ်
ငယ်သော်ကတည့်
သိပ္ပံခေါင်အား
တတ်မြောက်ငြားမူ
တောသားရန်အောင်
ခြင်္သေ့ယောင်သို့
မရှောင်မညှာ
တင်းတင်းမာ၍
ပညာရဲရင့်
ပွဲလယ်တင့်သိမ့်၊၊”
သမီး
တည်ငြိမ်တဲ့ စိတ်ကို ရနိုင်အောင်ကြိုးစားပါ၊၊ တစ်ချိန်မှာ တစ်မျိုးသာဖြစ်နေအောင်ပေါ့၊
အဲဒီအခြေအနေမှာ မိမိလိုလားတဲ့ စိတ်နှင့် အစားထိုးတည်ဆောက်သွားနိုင်တယ်၊၊ အဲဒီလို
တည်ဆောက်သွားနိုင်ဖို့အတွက်တော့ “ပညာ” နှင့် “သတိ” လိုအပ်တယ်၊၊
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ
“ ကာမရောဂါ အတွင်းနာကား
ကုရာနတ္ထိ ဆေးမရှိခဲ့၊
မိမိ “ပညာ” “သတိ” သာလျှင်
မဟာသြသဓ ဆေးမည်စွ၊၊ ”
(မြတ်ဗုဒ္ဓ)
(
ကာမရောဂါ အတွင်းနာ = လိုအင်ဆန္ဒများ)
သမီး-
မဖြစ်နိုင်တာကို မယုံနဲ့၊၊
အတိတ်ကိုနောင်တမရနဲ့၊၊
မရနိုင်တာကို တမ်းတမနေနဲ့၊၊
မဖြစ်နိုင်တာကို ယုံနေမဲ့အစား ဖြစ်နိုင်တာကိုပဲတွေးတောပါ၊၊
အတိတ်က အမှားတွေကို နောင်တရနေမဲ့အစား နောင်မမှားအောင် ကြင့်ကြံသွားပါ၊၊
မရနိုင်တာကို တမ်းတနေမဲ့အစား ရတာနဲ့ပဲ ရောင့်ရင်းပါနော်၊၊
သမီး
သမီးလို မိန်းကလေးကို (ဖေဖေ) တော်ရုံယောင်္ကျားတစ်ယောက် လက်ထဲမထည့်လိုက်နိုင်ဖူး၊၊
ဒီတော့- သမီးရွေးချယ်ရမဲ့ အချက်တွေက-
-ကိုယ်ကျင့်တရား မြင့်မြတ်ပြီး စိတ်ထားဖြူစင်တဲ့သူ
-သမီးရဲ့ မိဘနှစ်ပါးကို မိဘလို သဘောထားနိုင်တဲ့သူ
-ယောင်္ကျား ပီသပြီး ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူ
တို့ပါပဲကွယ်၊၊
ဒီတော့ သမီးလိုက်နာရမှာက
နှလုံးသားက လက်ခံထားနိုင်တဲ့သူကို ဦးနှောက်နှင့် ရွေးချယ်တတ်ပါစေ၊၊
မှတ်ချက်၊၊ ၊၊ အဖေ့သမီး အပျိုကြီးများ ဖြစ်မလားမသိဖူး)
သမီး-
အများနှင့် လိုက်လျောညီထွေမှုရှိပါစေ-
Isolated ဘ၀ကို မဖန်တီးနှင့်-
သွား-လာ-နေ-ထိုင်-၀တ်-စား-ဆင်ယင် ဆက်ဆံမှုတွေအားလုံး ခော်ဆန်ဖို့ မလိုပါဖူး၊၊
အဲ- ဒါပေမဲ့ ခော်မီအောင်တော့ ကြိုးစားရမယ်နော်၊၊
ဘ၀ရဲ့ တွေ့ကြုံလာတဲ့ အခက်အခဲတွေ အားလုံးကိုလဲ တက်ကြွတဲ့စိတ်ဓါတ်အားမာန်နှင့်
ရုန်းကန်လုပ်ရှားပါလို့ တိုက်တွန်းချင်ပါတယ်ကွယ်၊၊
သမီး
လောကကြီးမှာ - လုပ်ချင်တာရယ်
- လုပ်နေရတာရယ်
- လုပ်သင့်တာရယ်
- လုပ်နိုင်တာရယ် ဆိုပြီး
အမျိုးမျိုးရှိတယ်၊၊
လှုပ်ရှားမှုတိုင်း ၊ လုပ်ဆောင်မှုတိုင်းမှာ အဓိပ္ပါယ်အပြည့်အ၀ရှိရမယ်၊၊
အသိညာဏ်ရှိတဲ့ လူသားက ညာဏ်ကို ဦးစီးပြီးမှ လုပ်ဆောင်နိုင်ပါစေ၊၊
-ကြမ်းတမ်းခက်ထန်
လောကဓံကို
ညံ့ခံဒူးထောက်
လက်မမြောက်နှင့်၊
-ခရီးမာကြမ်း
သင်မပန်းနှင့်၊၊
-အလွမ်းကိုတွေး
သင်မဆွေးနှင့်၊၊
-သင့်သွေးခိုင်ခိုင်
အားသစ်ပြိုင်သော်
ပန်းတိုင် မုချရောက်မည်တည်း၊၊
အခက်အခဲတွေ ကြုံလာတဲ့အခါ ဒီကဗျာလေးကြောင့် အားတက်နိုင်ပါစေကွယ်၊၊
သမီးရေ
ဘ၀နှင့် ပတ်သက်တဲ့အရာတွေကို အသိညာဏ်နဲ့ဘဲ ဆုံးဖြတ်တတ်ပါစေ၊၊
အတိတ်ကို သတိရခဲ့ရင် သာယာကြည်နှူးစရာကောင်းတဲ့ အချိန်ကိုတွေးမိပါစေ၊၊
တိုတောင်းလှတဲ့ (တစ်မိနစ်)ကို မပစ်ပယ်နိုင်တဲ့ တန်ဖိုးရှိတဲ့ စက္ကန့် (၆၀) နဲ့ အစားထိုးနိုင်ပါစေ၊၊

အရာရာတိုင်းမှာ သတိရှိနေပါစေ၊။ သမီးအတွက်အောင်မြင်ရေးကိုရှေးရှုလျှက်
ချစ်သောဖေဖေ
မှတ်ချက်၊၊ ဒီစာလေးက ကျောင်းတွေပြီးလို့ တခြားနေရာမှာသွားအလုပ်လုပ်မဲ့ သမီးအတွက် အဖေရဲ့ အမှတ်တရစာလေးပါ၊၊ အဖေခံယူချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်၊၊ အမှားပါရင် ခွင့်လွတ်ပါ၊၊





သူငယ်ချင်းလေးသို့အမှတ်တရပေးစာ

ဟေ့ ပိုပို...
“ငါ နင့်ကို ခင်တယ်၊၊
မိတ်ဆွေလို.....
သူငယ်ချင်းလို.....
ညီမလေးလို ခင်တယ်၊၊ ဒါကြောင့်.....
၁၊၊ နင် အမှန်တွေချည်းလုပ်နေတဲ့အချိန်မှာ၊
နင့်ဖက်မှာ ငါဘယ်တော့မှမနေဖူး၊၊
၂၊၊ နင် နဲ့ ငါကြားမှာရှိတဲ့ အမှတ်တရတွေ၊
သတိရစရာတွေ ဘယ်တော့မှ နင်ပြန်မတွေးနဲ့၊
ငါလည်းမစဉ်းစားဖူး၊၊
၃၊၊ နင်ကိုခင်လွန်းလို့ Marbolo (မာဘိုလို) ၊
တစ်လိပ်လောက်တိုက်ချင်တယ်၊၊

နင်စိတ်ဆိုးသွားသလား???
စိတ်မဆိုးပါနဲ့ဟာ၊နင် နားလည်အောင် တစ်ချက်ချင်း ငါရှင်းပြပါမယ်၊၊
၁၊၊ လူတစ်ယောက်ဟာ မှန်တာတွေလုပ်နေရင် သူ့ဘက်မှာ လူအများကြီး
ရှိနေတယ်တဲ့၊၊မှားတာလုပ်နေမိရင်တော့ မိတ်ဆွေစစ်ဆိုတဲ့ လူနည်းစုသာ
ရှိတော့တယ်တဲ့၊၊
ငါကတော့လူနည်းစုမှာပဲ ပါချင်လို့ ဒီလိုရေးတာပါ၊၊
၂၊၊ “ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းအောင့်မေ့နေခြင်းသည် ဖြစ်ပြီးတာတွေ
နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်တော့ဖူးဆိုတဲ့ အချက်ကို ယုံကြည်နေခြင်းပဲ
ဖြစ်သည်” တဲ့၊၊
အဲဒါကြောင့် နင်ကိုပြန်မတွေးခိုင်း၇ဲတာပေါ့၊၊
၃၊၊ နင့်ကို ငါ Marbolo ဆေးလိပ်အစစ်မတိုက်ပါဖူး၊၊ ဘယ်တိုက်လို့ ဖြစ်ပါ့မလဲ၊၊
ငါက ဆေးလိပ်သောက်တဲ့ မိန်းကလေးဆို ကြည့်လို့ကိုမရဖူး၊၊
Marbollo ရဲ့ အဓိပ္ပါယ်အရှည်ကို သိရင်တော့ နင်နားလည်မှာပါ၊၊
အဲဒါဘာလဲဆိုတော့.....
Men always remember ladies because ၀f romance only.
“တီတီတာတာ ချစ်စရာ အခရာ စကားလေးတွေကြောင့်သာ မိန်းမတွေက
ို ယောင်္ကျားတွေက အမြဲတမ်း သတိရနေကြတာပေါ့” .....တဲ့၊၊
နင့်ရဲ့ “၈ျစ်တစ်တစ် စကားလေးတွေ ၊ အမူအယာ လေးတွေ ပြင်ချင်လာအောင်လို့ပါ၊၊
နင့်ရဲ့ ထာဝရသူငယ်ချင်း
ကိုလတ်
မှတ်ချက်၊၊ ဒီစာလေးဟာ ကျွန်မငယ်စဉ်ကျောင်းသားဘ၀က သူငယ်ချင်းတစ်ယောက်ကို အမှတ်တစ်ရနှင့်ရေးမိတာပါ၊၊အမှားပါရင် နားလည်းပေးကြပါလို့၊၊ ကျေးဇူးတင်ပါတယ်ရှင့်၊၊

Thursday, 1 February 2007

မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်

“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
မမေဖေဖေရေးထားတဲ့ စာလေးထဲက စာသားလေးပါ၊၊ ကျွန်မကြိုက်တာကတော့ စာတစ်စောင်လုံးပါပဲ၊၊
အရမ်းကို ဖတ်ရတာ အဓိပ္ပါယ်ရှိပါတယ်၊၊ ဖတ်လေဖတ်လေဖတ်ချင်လေပါပဲ၊၊ မမေရဲ့ ဖေဖေကိုလည်း အရမ်းလေးစားမိပါတယ်၊၊ စာဖတ်ခြင်းရဲ့ အရသာကို ကျွန်မပိုပြီးနှစ်သက်လာပါပြီ၊၊ ဖတ်ချင်ရင်တော့ ဒီလင့် မှာ သွားဖတ်ပါနော်၊၊
“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
ဘာလို့ ကျွန်မဒီစာကြောင်းလေးကို အရမ်းနှစ်သက်မိပါလိမ့်၊၊ ကျွန်မထင်တာတော့ ကျွန်မအမြင်နှင့် ကျွန်မလက်ခံထားတာတွေနှင့် ကိုက်ညီလို့ ဆိုတာတော့သေချာပြောနိုင်ပါတယ်၊၊ ကျွန်မခု စာဖတ်တယ်၊၊ အဓိကကတော့ ဘလော့ပဲဖတ်ဖြစ်တာပါ၊၊ဒါကလည်း ကျွန်မလက်ရှိအလုပ်နှင့်ကိုက်ညီနေလို့ပါ၊၊ ကျောင်းစာတွေ အလုပ်နှင့် ပတ်သက်တာတွေကို ပဲ ဖတ်နေရလို့ ကျန်တဲ့စာတွေ မဖတ်ရတာကြာပါပီ၊၊ မမေနှင့်ကိုသံလွင်တို့ကို အများကြီးကျေးဇူးတင်မိပါတယ်၊၊ ဘာသာပြန်တွေကို အခြေခံရေးတဲ့ နိုင်းနိင်းကိုလဲ ကျေးဇူးပါ၊၊ဗဟုသုတရလို့ပါ၊၊
ကျွန်မကတော့ စာဖတ်ရင် ကိုယ်လက်မခံနိုင်တဲ့ အယူအဆဆိုရင် မေ့ပစ်ပီး၊ လက်ခံနိုင်တာဆိုရင်တော့ မှတ်ထားလိုက်ပါတယ်၊၊ တခါတလေ အမြင်မတူတာမျိုးတွေဖတ်ရရင်တော့ သူုကြီးပြင်းလာတဲ့ဘ၀မှာ ရခဲ့တဲ့အသိနှင့် ကျွန်မကြီးပြင်းလာတဲ့ ဘ၀မှာ ရခဲ့တဲ့ အသိအမြင်ခြင်းမတူလို့နေမှာပဲလို့ မှတ်ယူထားလေ့ ရှိတတ်ပါတယ်၊၊ တစ်ခါတစ်လေ မသိသေးတာတွေပါနေရင်လဲ၊ ကျွန်မလက်ခံနိုင်ရင် ကျွန်မအယူအဆ ဖြစ်သွားတတ်ပြန်ပါတယ်၊၊ ဒါကတော့ စာဖတ်ခြင်းရဲ့ အကျိုးဆက်ဖြစ်မယ်ထင်ပါရဲ့၊၊ ဒါကို စဉ်းစားမိတော့ စာရေးသူတွေရဲ့ တာဝန်ဟာ အရမ်းကြီးပါလားလို့ စဉ်းစားမိပြန်ပါတယ်၊၊
တကယ်လို့များ ကျွန်မလိုဆို ကိုယ်ကြိုက်တဲ့ စာရေးဆရာပဲ ဆိုပြီး သူဘာရေးရေးလက်ခံလိုက်မိရင်တော့ မတွေးဝံ့စရာပဲပေါ့၊၊ ကျွန်မတို့က အစွဲရှိတတ်တာကိုး၊၊ ကျွန်မဆို ဒီစာေ၇းဆရာတစ်ယောက်ကို သူရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင်းလေးစားမိသွားရင် နှောင်လဲ သူဘာရေးရေး ဖတ်ပြီးခါစမှာ ၅၀% ကတော့ လက်ခံမိမှာပါပဲ၊၊ နောက်သေသေချာပြန်ဖတ်မှ လက်ခံတာမခံတာကတော့ တစ်ပိုင်းပေါ့၊၊ ဒါတွေက ကျွန်မစာဖတ်သူတစ်ယောက်အနေနှင့် အမြင်တွေပါ၊၊
ဘလော့ထဲက ဆွေးနွေးချက်တွေ ဖတ်ရလေ ကျွန်မအတွက်ကတော့ ပညာရလေ၊၊ ဗဟုသုတရလေပါပဲ၊၊
ဘလော့မှာ ၀င်ဆွေးနွေးတဲ့လူတွေကို အရမ်းကျေးဇူးတင်မိပါတယ်၊၊
ကျွန်မကိုယ်တိုင်ကတော့ သူများဖတ်လို့ကောင်းအောင်၊ အသိပညာတွေပေးနိုင်အောင် ကျွန်မစာတွေမေ၇းနိုင်ပါဖူး၊၊ ကျွန်မရဲ့ လက်ရှိအသိလေးနှင့် ၊ ကျွန်မဖြတ်သန်းလာခဲ့တဲ့ ကျွန်မဘ၀လေးကိုပဲ ရေးတတ်ပါတယ်၊၊ ကျွန်မ ဘလော့က ဘယ်အဓိပ္ပါယ်ကို ရည်ညွန်းတယ်ဆိုတာ ပေါ်လွင်အောင်လည်း မရေးတတ်ပါဖူး၊၊ ကျွန်မမှားနေရင်လည်းသင်ပေးကြပါလို့၊၊
ကျွန်မအိမ်မှာ လူကြီးတွေကို ကန့်တော့ရင် ကျွန်မကြီးကြီးက ဆုပေးတာကတော့ “ဆိုဆုံးမလွယ်တဲ့လူဖြစ်ပါစေ” တဲ့၊၊
ကျွန်မ အဲလိုဖြစ်အောင်အမြဲကြိုးစားနေပါတယ်၊၊ ကျွန်မကို ဆုံးမတဲ့အနေနှင့် တန်ဖိုးရှိတဲ့ စာတွေများများရေးပေးကြပါလို့၊၊
ဘလော့ ပိုင်ရှင်များကို ကျေးဇူးတင်လျက်ပါ၊၊
လူတိုင်း ငြိမ်းချမ်းသော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ၊၊




Tuesday, 23 January 2007

ဒုက္ခ ညီမျှခြင်း ဆင်းရဲခြင်း ???

လူဖြစ်ရတဲ့ ဒုက္ခ လို့ပဲအော်လိုက်ရင်ကောင်းမလား???
တနေ့တနေ့ ကျွန်မတို့တွေ့နေရတဲ့ ဒုက္ခတွေက လည်းအများသားလေ၊၊
ကျွန်မအဲလိုသာ ၊အရာရာကို၊ဒုက္ခလို့ သိသိနေမယ်ဆိုရင်တော့၊ကျွန်မတရားရနေပီလို့ ပဲပြောရမလား၊၊
ဟာဟ၊၊

ကျွန်မရဲ့ တစ်နေ့တာ ဒုက္ခ လေးကို မျှဝေချင်လို့ပါ၊၊
မနက်မိုးလင်းလို့ အိပ်ယာက နိုးကထဲက စားဖို့အတွက်ချက်ရတယ်၊၊ ရုံးချိန်အမီ ဈေးပြေးရတယ်၊၊ဈေးရောက်တော့လဲ ပါလာတဲ့ တစ်နေတာငွေနှင့် ဈေးနှုန်းတွေက တက်တော့ လျှော့ဝယ်ရတယ်၊၊ လျှော့စားရတယ်၊၊ ကြာရင်တော့ လူသေးသေးလေးတွေ ဖြစ်ကုန်တော့မှာပဲလို့ ကျွန်မစဉ်းစားမိသေးတယ်၊၊ သူများနိုင်ငံက လူတွေဘာလို့ ထွားကြိုင်းနေကြပါလိမ့်၊၊ အသားစားများလို့လား၊၊ ???၊၊ ဒီမှာတော့ အသားဈေးကလည်းကြီး၊ ငါးဈေးကလည်းကြီး၊၊ ပုဇွန် တောင် နိုင်ငံခြားပို့ပြီး ကျန်တဲ့ အကောင်အသေးလေးတွေပဲ စားရပါတယ်၊၊ ဒါတောင်ဈေးက အရမ်းကြီးပါတယ်၊၊ ဒါတွေပြောမနေတော့ပါဖူး၊၊
ကျွန်မ ဒီနေ့ ပြောချင်တာကတော့ ဘတ်စကားစီးရတဲ့ ဒုက္ခပါ၊
ကျွန်မ မနက်မနက်ဆို ဘတ်စကားမှတ်တိုင်ကို ၈နာရီလောက်အရောက်သွားရတယ်၊။ ရုံးနှင့် အိမ်က အမှန်တကယ်မောင်းမယ်ဆိုရင် ကားသာမစောင့်ရရင် (၁၅)မိနစ်နှင့် ရောက်တဲ့ခရီးပါ၊။ ဘတ်စကားကို မှတ်တိုင်မှာ စောင့်ရတဲ့အချိန်ရယ်၊တခါတလေ လူမပါလို့ဆိုပြီး မှတ်တိုင်တစ်ခုစီမှာ အကြာကြီးလူမလာမချင်းစောင့်တဲ့အချိန်တွေကို တွက်ပြီးသွားရတာပါ၊။ အမှန်တော့ ရုံးက (၉)နာရီ အရောက်သွားရင်ရပါတယ်၊၊ မှတ်တိုင်ရောက်တော့ ကိုယ်စီးမဲ့ကားက နာရီဝက်မှ တစ်စီးလာတတ်တာမို့လို့ စောင့်ရပြန်တယ်၊၊ ကားရပြန်တော့ လူတွေက များလွန်းလို့ အသက်ရှုကျပ်နေအောင်ပဲ စီးရပါတယ်၊၊ တော်ရုံ ကျန်းမာရေးမကောင်းတဲ့လူဆို ဘတ်စကား စီးလို့မရနိုင်ပါဖူး၊၊ဒီကြားထဲ ခါးပိုက်နှိုက် ရန်ကလည်းကြောက်ရပါသေးတယ်၊။ လူတွေလည်း ကုန်ဈေးနှုန်းက ကြီး ၀င်ငွေ၊ထွက်ငွေတွေ မမျှလို့ အကျင့်စာရိတ္တတွေလည်း မထိမ်းနိုင်ကြတော့ပါဖူး၊၊ မနက်ကလည်း ဘတ်စကားပေါ်မှာ အမကြီးတစ်ယောက် အသက်ရှူကျပ်ပြီး မေ့လဲသွားလို့ ဘတ်စကားကို မဟာမြိုင်ဆေးခန်းမှာ ရပ်ပြီးပို့ခဲ့ရပါသေးတယ်၊၊ ရုံးချိန်မမိလို့ တက္ကစီ ငှားစီးမယ်ဆိုပြန်ရင်လည်း ဓါတ်ဆီဈေးတွေက ကြီးတော့ တက္ကစီခတွေလည်း ကြီးလို့ တော်ရုံ သူဠေးတောင် ဘတ်စကားစီးနေတာက တွေ့နေရပါတယ်၊။ ကျွန်မတို့လို့ ၀န်ထမ်းတွေက ပိုဆိုးတာပေါ့၊၊ တစ်ခါတစ်လေ မြန်ချင်လို့ လူသိပ်မပါတဲ့ ကြားကားစီးရင် ကားခက (၂)ဆ ပိုပေးရပါတယ်၊၊ မှတ်တိုင်ကနေ့ ရုံးကို ဆိုက်ကားထပ်စီးရတော့ တက္ကစီခရဲ့ တ၀က်လောက်တော့ ကုန်တာပေါ့၊၊ ဒါတောင် ရုံးချိန်မမိလို့ လစာကပါ ထပ်ဖြတ်ပြန်တော့ ပိုဆိုးရော၊။ လစာတွေက မတိုး၊ ကုန်ဈေးနှုန်းတွေက တက် လူတွေလည်း ချွေတာရတာနှင့် ကြာရင် လူပုံရောပေါက်ပါအုံး မလားလို့ တောင် ကျွန်မ ခဏခဏ စဉ်းစားမိ ပါသေး တယ်၊၊ ခုနောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံ ကလူတွေ ဘတ်စကားစီးတဲ့လူဦးရေပိုများလာတာကို တွေ့နေရပါတယ်၊၊ လောင်စာဆီတွေက ဈေးကြီးတော့ တော်ရုံကိစ္စဆို ဘတ်စကားပဲစီးနေကြတယ်ထင်ပါရဲ့၊၊ မှတ်တိုင်မှာ လူတွေကပုံ၊ ဘတ်စကားတွေက မလာ၊လာတော့လဲ ၀ိုင်းတိုးပီးတက်ရတယ်၊စီးရတယ်၊၊ ကြာရင် မိန်းကလေးတွေ ထမိန်ဝတ်ပြီးတက်ဖို့တော့ မလွယ်တော့ပါဖူး၊၊ ဒါလဲ၊ ဒုက္ခတခုပါပဲ၊၊
ဘတ်စကားတွေဘယ်ရောက်ကုန်ပါလိမ့်၊၊
စပယ်ယာ တစ်ယောက်ပြောပြတာကတော့ ခုနောက်ပိုင်း ဘတ်စကားတွေကို တိုးချဲ့ပေးပေမဲ့ ၊ ဘတ်စကားအားလုံးဟာ ဆီဆိုင်မှာ တန်းစီနေရတော့ ဆီရှိတဲ့ကားတွေပဲ ကားမောင်းထွက်လို့ရလို့ ကားအစီးရေနည်းနေတာလို့ပြောပါတယ်၊၊ သူတို့လဲ ဆီ(ဓါတ်ငွေ့) ထုတ်တဲ့နေ့ဆို တစ်ညလုံးမအိပ်ရပါဖူးတဲ့ ကြာရင် စပယ်ယာတွေလည်း ဒေါင်းတော့မယ်တဲ့၊၊ ခရီးသည်တွေ မနက်မနက် လိုရာခရီးသွားဖို့ ဒီလိုမျိုးတွေနှင့် ကြုံပါများတော့ သူတို့လည်း သူ့မကယ်နိုင်၊ကိုယ်မကယ်နိုင်ဖြစ်နေကြပါရော့လား၊၊တိုးတက်နေတဲ့ခောတ်ကြီးမှာ ကျွန်မတို့ကတော့ တနေ့တနေ့ ဘတ်စကားပဲ တိုးတက်နေ ရပါလားလို့ စဉ်းစားမိလို့ပါ၊၊
ကဲ ဘာဆက်လုပ်ကြမလဲ၊၊???
ဒုက္ခ…..ဒုက္ခ…..ဒုက္ခ……လို့ပဲအော်နေရတော့မလား၊၊
ဒုက္ခကိုသိတိုင်း တရားရနိုင်မယ်ဆိုရင် ကျွန်မတို့ဆီကို လာလည်ကြပါလို့ တရားရှာ လိုသူများကို ဖိတ်ခေါ်ချင်စိတ်ပေါ်လာမိပါတယ်ရှင်၊၊

Wednesday, 17 January 2007

မွန်ငါးနှပ်ဟင်း

ကျွန်မသူငယ်ချင်းအိရဲ့မွေးရပ်မြေကျိုက္ကမီမြို့ကို၊အလည်လိုက်သွားတုန်းကအိမေမေချက် ကျွေးခဲ့တဲ့ဟင်းလေးပါ၊၊ကျွန်မကချဉ်၊ငံ၊စပ်ကြိုက်တတ်လို့ချက်နည်းမေးထားတာပါ၊၊ ငါးနှပ်ဆိုတာအာပြဲခြောက်လုပ်တဲ့ ငါးပါ၊၊
ငါးအဆိုဆိုရင်၊အရမ်းနှူးညံ့လို့၊အကြာကြီးချက်စရာမလိုပါဖူး၊၊ ပထမဆုံးငါးကိုရေဆေးပြီး၊အိုးသန့်သန့်မှာ၊ထည့်ရပါမယ်၊။ဆီနဲနဲပဲထည့်ပါ၊၊ ငါးကို၊ဆား၊ဆနွင်းနှင့်အချိုမှုန့်၊ငါးပိနှယ်ပါ၊၊ငရုတ်သီး(ကုလားအော်သီး)ကို၊ကိုယ်စားနိုင် သလောက်ထည့်ပါ၊၊ကြက်သွန်ဖြူ၊နီ၊စပါးလင်ထောင်းပြီး၊ထည့်ပါ၊၊ရေကို၊ ငါးမြုပ်ရုံလေးပဲထည့်ပါ၊။မရမ်းပြားကိုသင့်တော်ရုံထည့်ပါ၊၊ (၁၀)မိနစ်လောက်ကြာလို့၊ပွက်လာရင် ရှမ်းနံနံပင် နည်းနည်း ထည့်ပါ၊၊ စားလို့ရပါပြီ၊၊

မှတ်ချက်၊၊ငါးနှပ်ကနှူးညံလို့ရေနဲနဲပဲထည့်တာပါ၊၊ ငါးအစား ကြက်သားတို့၊ တခြားအသားတွေကိုလည်း ချက်စားနိုင်တယ်လို့ အိမေမေကပြောပါတယ်၊၊

Thursday, 11 January 2007

မိတ်ဆွေ..သင်ရောသေတတ်သလား၊၊

လူရယ်လို့ ဖြစ်လာရင် မွေးခြင်းနှင့် သေခြင်း(၂)မျိုးပဲရှိတယ်လို့ဆိုပါတယ်၊၊ငိုခြင်းနှင့်စပြီး ငိုခြင်းနှင့်ပဲဆုံးတယ်လို့ ပြောကြပါတယ်၊၊ ကျွန်မစဉ်းစားမိပါသေးတယ်၊၊ ဒါဆို လူ့ဘ၀ကြီးဟာ ပျော်စရာလည်း မကောင်းပါလား လို့လေ၊၊ ပျော်စရာ အစစ်အမှန်ဆိုတာ ဘာလဲ ကျွန်မတို့ မသိတာလည်းဖြစ်နိုင်ပါတယ်၊၊
ကျွန်မငယ်ငယ်ကပေါ့ “သေတယ်”ဆိုတာကြီးကို သိချင်လို့ ညဖက်အိပ်ခါနီးမှာ သေကြည့်လေ့ ရှိပါတယ်၊၊ ကျွန်မအဘွားက ပြောဖူးတယ်၊၊ သေတယ်ဆိုတာ အသက်မရှူတော့တာတဲ့၊၊ ဒါကြောင့်ညဖက် လူတွေအိပ်တဲ့ အချိန်မှာ မအိပ်ပဲ ၊ အသက်မရှူပဲနေကြည့်ပါတယ်၊၊ ပြီးတော့ ကျွန်မဘယ်လိုခံစားနေရလဲဆိုပြီး ပြန်ကြည့်နေတာပါ၊၊ ကျွန်မဟာ အဲဒီအချိန်မှာ ဘယ်လိုခံစား ရတယ် ဆိုတာ ပြောပြလို့ မတတ်ပါဖူး၊၊ ကျွန်မဟာ လေဟာနယ်ထဲရောက်နေသလိုလို လွင့်မြောနေသလိုပါပဲ၊၊ ညတိုင်း အဲလို ကစားမိပါတယ်၊၊ နောက်တော့ အဲဒီကစားနည်းကို ကြိုက်လာသလိုပါပဲ၊၊
ခုကြီးလာတဲ့အချိန်မှာ အဲလိုမလုပ်ကြည့်မိတော့ပါဖူး၊၊ကျွန်မတို့တွေ ခုမနက်မိုးလင်းတာနဲ့ စားဖို့ ထမင်းချက် ရတယ်၊ ဈေးသွားရတယ်၊၊သေခြင်းတရားဆိုတာကြီးကို လွန်ဆန်နိုင်ဖို့ အာဟာရ ဖြည့်တင်းဖို့ကလည်း လိုအပ်သေး တာကိုး၊၊၀တ်ဖို့ အ၀တ်အစားတွေ လျှော်ရမယ်၊ မီးပူတိုက်ရမယ်၊၊စားနိုင်ဖို့ ၊ ၀တ်နိုင်ဖို့ ကျွန်မတို့ အလုပ်လုပ်ရအုံးမယ်၊၊ ဒီလိုနှင့်ပဲ ကျွန်မတို့ အားလုံးဟာ မသေခင်အထိ ဘ၀သံသရာထဲမှာ လည်ပတ် နေအုံးမှာပါ၊၊ ဒါတွေအားလုံးဟာ ဒုက္ခတွေချည်းပဲလို့ ကျွန်မ ခံစားမိပါတယ်၊၊ ဒါပေမဲ့ ပုထုဇဉ် ဆိုတော့ သိသိချည်းနဲ့ မေ့နေမိတာပါပဲ၊၊ တစ်ခါတစ်လေစဉ်းစားမိပါတယ်၊၊ ခုနေများ ကျွန်မသာသေသွားခဲ့ရင် ဘာတွေဖြစ်မလဲ၊၊ သေခြင်းတရားဆိုတာကြီးကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပီလား၊၊ ကျွန်မ သေခါနီး လူတွေရဲ့ စိတ်ကို အရမ်းသိချင်ပါတယ်၊၊ သေခါနီးမှာ သူတို့ ဘယ်လိုခံစားသွားရလဲ၊၊ ကျွန်မကြားဖူးတာကတော့ လူတွေဟာ သေခါနီးအချိန်မှာ တော်တော်လေး ခံစားပီးမှ သေတတ်ကြတယ် လို့ ကြားဖူးပါတယ်၊၊ ကျွန်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်ဖူး ပါတယ်၊၊သူက သေခါးနီးမှာ ဘာရောဂါမှ မခံစားရပဲ သေချင်တယ်လို့ပြောပါတယ်၊၊ကိုယ်ကို ပြုစုရမယ့်လူတွေကို အားနာလို့ပါတဲ့၊၊ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ခုနေငါသေသွားရင် သေလို့ရတယ်တဲ့၊၊ ငါ့ကိုယ်ငါ မကောင်းတာမလုပ်ဖူးလို့ ခံယူထားလို့ပါတဲ့၊၊ ကိုယ်ခံယူချက်နှင့် ကိုယ်ကတော့ မှန်နေကြတာပါပဲလေ၊၊ ကျွန်မဆရာတစ်ယောက်ကတော့ ပြောတယ်၊။ သေခါနီးမှာ အေ၇းကြီးဆုံးကတော့ သတိ ပဲတဲ့၊၊ သတိသာရှိမယ်ဆိုရင် ဘ၀ကူးကောင်းတယ်တဲ့၊၊ ဗုဒ္ဓဘာသာအယူအဆနှင့် ပြောရမယ်ဆိုရင်တော့ တရားမှတ်နေတာအကောင်းဆုံးပဲတဲ့၊၊ သေမှန်းတောင်မသိလိုက်ရဖူးတဲ့၊၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာတစ်ခုကို ရှုပြီးနေလိုက်ရင် လက်ရှိခံစားနေရတဲ့ ဝေဒနာကို ကျော်လွှားနိုင်ပါတယ်တဲ့၊၊

သေခါနီးမှာ ထားရမယ့်စိတ်နှင့်ပတ်သက်ပြီး ကျွန်မဖတ်ဖူးတာကတော့
(၁)ဒေါသနှင့်သေ- ငရဲပြည်
(၂)မောဟနှင့်သေ-တိရစ္ဆာန်ပြည်
(၃)လောဘနှင့်သေ-ပြိတ္တာပြည် လို့ သိရပါတယ်၊၊

နောက် ကျွန်မ အကိုကြီးတစ်ယောက်ကို သေခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုစဉ်းစာထားလဲ ဆိုတာ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊၊

ကျွန်မ၊း ကိုလူလှရေ၊ သေခြင်းနှင့် ပတ်သက်ပြီးစဉ်းစားဖူးလား၊၊
ကိုလူလှး ဘုရားစကားမြေ၀ယ်မကျနားထောင်တဲလူအတွက်တော့ ဒါတွေဟာမဆန်းပါဖူး၊ အို၊နာ၊သေ ကိုနေ့တိုင်းဆင်ခြင်နေပါတယ်၊၊လူဟာမွေးခြင်းကနေစပြီး ရှင်သန်မှုအတွက် ရုန်းကန်လိုက်ရတာ နာခြင်းအမျိုးမျိုးကြုံရ၊နောက်ပြီးသဘာဝ တရားအရ အိုခြင်းကလည်း အဆက်မပြတ်၊နောက်ဆုံးတော့ သေခြင်းပဲလေ၊၊
ကျွန်မ၊း ကိုလူလှရေ၊ ကျွန်မသိချင်တာက ကိုယ်သာသေခြင်းတရားနှင့် ရင်ဆိုင်ရတော့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ၊၊ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာပေါ့၊၊
ကိုလူလှး ဒါကတော့၊ငါလူတိုင်းကို အမြဲမေးမိတဲ့စကားတွေပါ၊၊လူတိုင်းကို ငါမေးမိတာကတော့ “သေတတ်သလား” ဆိုတဲ့မေးခွန်းပါ၊၊သဘောပေါက်တယ်မလား၊ သေတာအမျိုးမျိုးရှိတယ်လေ၊အသိစိတ်ကမသိလိုက်တဲ့သေခြင်းနှင့်သိစိတ်ကသိလိုက်တဲ့ သေခြင်း၊

ကျွန်မ၊း ဟုတ်ကဲ့၊၊
ကိုလူလှး သိစိတ်ကမသိလိုက်တဲ့သေခြင်းက ဘာမှစဉ်းစားစရာမလိုပါဖူး၊၊ဥပမာ တိုက်ပွဲတစ်ခုမှာ သေနတ်မှန်ပြီး ပွဲခြင်းပီးသေသွားတာမျိုးပေါ့၊၊အစိမ်းသေပေါ့၊၊ဒါပေမဲ့ သိစိတ်နှင့် သေခြင်းက ပိုများတယ်လေ၊၊ ဆက်ဒမ်ဟူစိန်လိုမျိုးပေါ့၊၊
ကျွန်မ၊း ဟုတ်ကဲ့၊၊သေမှာကိုသိရက်နဲ့ သေတဲ့ဆက်ဒမ်၊သေခါနီးဘာတွေခံစားရပါလိမ့်၊
ကိုလူလှး သူ့မျက်နှာကို ဖတ်ကြည့်လေ၊အေးဆေးပဲ၊၊သေရမယ့်ဟာကိုသိနေတဲ့ လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ ဆင်ခြင်တဲ့စိတ်က စကားပြောတယ်လေ၊၊ဥပမာ ဒေါသနှင့်သေရင် ပြသနာရှိတယ်၊၊တစ်ချိုက မသေချင်ဖူး၊ သေရမယ်ဆိုတာလဲသိတယ်၊၊ အဲဒါက လူမိုက်၊၊အဆိုးဆုံးသေခြင်းတစ်ခုပဲလေ၊၊ တကယ်တော့ သေရမယ်ဆိုတာ သိလိုက်ရင်၊သေလိုက်ပေါ့၊ဒါသဘာဝပဲလေ၊၊ အဲဒီသေမဲ့ အချိန်အတွင်းမှာ စိတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ထားပေါ့၊၊ ဥပမာ ဘုရားဟောထားတဲ့ တရားထိုင်ခြင်းနှင့် ဆက်နွယ်သွားတယ်။စိတ်ကို အကောင်းဆုံးလုပ်ခြင်းကတော့ ညီမလည်းသိမှာပေါ့၊ဆက်ရန်..

ကျွန်မ၊း ဟုတ်ကဲ့၊၊ခုပြောပါ၊၊
ကိုလူလှး နောက်တစ်နေ့လေ၊၊
ကျွန်မ၊း နောက်နေ့ဆိုတာ မရှိတော့ရင် ဘယ်လိုလုပ်မလဲ၊၊
ကိုလူလှး သေခြင်းနှင့်မရှိတာလား၊မသေခြင်းနှင့်ရှိတာလား၊၊ဒါဆိုလဲ သေခြင်းနှင့်ရှိရင်လဲ ဘ၀တစ်ခု ပြတ်သွားတာပေါ့၊၊ဘုရားစာအုပ်တွေဖတ်ပေါ့၊ ဇာတိအစ မရဏအဆုံးလို့ရေးထားတယ်၊၊နင်ဖတ်ပြီးရင် ရေးပေါ့၊ ငါလည်း အလုပ်ရှိလို့၊၊ နောက်နေ့ဆက်ကြတာပေါ့၊၊

မှတ်ချက်၊၊ ၊၊ ကျွန်မတို့တွေ စာတွေအရမ်းဖတ်ပြီး နားလည်နေလို့ ဆွေးနွေးခဲ့ကြတာမဟုတ်ပါဖူး၊၊ သိထားတဲ့ အသိလေးတွေဖလှယ်ကြတာပါ၊၊ မှားရင်လဲ ပြင်ပေးကြပါလို့ တောင်းပန်ပါတယ်ရှင့်၊၊

Tuesday, 9 January 2007

အလှူ နို့ခေါက်ဆွဲချက်နည်း(သို့) အုန်းနို့ခေါက်ဆွဲ

ကျွန်မတို့ရပ်ကွက်အလှူမှာ ခုနောက်ပိုင်း မုန့်ဟင်းခါးထက် နို့ခေါက်ဆွဲကို ချက်တာပိုများပါတယ်၊၊ နို့ခေါက်ဆွဲကတော့ အရင်က ကျွန်မတို့ချက်နေကြ အုန်းနို့ခေါက်ဆွဲနေရာ မှာ အစားထိုးလာတဲ့ အစားအစာတစ်ခုပါ၊၊ အုန်းသီးနှင့် မတည့်လို့ မစားရတဲ့လူတွေစားလို့ရပါတယ်၊၊ အရသာက လည်း တူတူပါပဲ၊၊ အရင် အုန်းသီးနေရာမှာ နို့စိမ်းဗူးလေး ဖောက်ထည့်ပြီး ချက်ယုံပါပဲ၊၊ အုန်းသီးရှားတဲ့နေရာတွေ အတွက်လည်း အဆင်ပြေပါတယ်၊၊အုန်းသီးနှင့်ချက်မယ်ဆိုရင်တော့ အုန်းသီးကို ခြစ်ရမယ်၊၊အရေညစ်ရမယ်၊၊ပြီးရင် အုန်းရည်ကျိုရမယ်ပေါ့၊၊ နို့ခေါက်ဆွဲကတော့ အဲဒီအချိန်တွေ မလိုတော့ပါဖူး၊၊ နို့ခေါက်ဆွဲအချိန်(၁၀)ကိုထည့်မယ့်အသားကတော့ ကြက်သားနှင့်ချက်မယ်ဆိုရင် (၃)ပိသာထည့်ရပါမယ်၊၊ ငါးဖယ်ပါ ထည့်ချင်တယ်ဆိုရင်တော့ ကြက်သား (၁)ပိသာ(၅၀)သား၊ ငါးဖယ်က (၁)ပိသာ(၅၀)သား၊ ထည့်ရပါမယ်၊၊ နောက် ပဲမှုန့် အစိမ်း (၁)ပိသာကို ရေဖျော်ထည့်ရပါမယ်၊၊ ပဲရည်ဖျော်တဲ့အခါ ပဲမှုန်ဟာ ကျေညှက်နေရပါမယ်၊၊လုံးဝ အခဲမကျန်ရပါဖူး၊၊ပဲသွေးထည့်ချင်ရင် ကြိုက်သလောက်ထည့်လို့ရပါတယ်၊၊ နောက်ဘဲဥ(၃၀)လုံးလောက် ပြုတ်ထားရပါမယ်၊၊ပြုတ်ပီးရင်တော့ ပါးပါးလှီးထားရပါမယ်၊၊ ကြက်သွန်ဖြူ၊၈ျင်းတို့ ကိုလှီးပြီး ထောင်းထားရပါမယ်၊၊ငါးဖယ်ခြစ်ပြီးသားကို ဆား၊ငံပြာရည်တို့နှင့် ထောင်းထားရပါမယ်၊၊ နို့စိမ်းဗူး(၁၀)ဗူးလောက်လိုပါတယ်၊၊
ပထမဆုံးကြက်သားကို ဆား၊ ဆနွင်း၊ ငံပြာရည်ထည့်ပြီး၊ ပြုတ်ရပါမယ်၊၊ကြက်သားပွက်ပွက်ဆူရင် ငါးဖယ် ထောင်းပီးသားတွေကို ထည့်ပြီး ပြုတ်ရပါမယ်၊၊ကျက်ရင် ငါးဖယ်ကိုလှီးထား၇ပါမယ်၊၊ ကြက်သားကို အသားနွာထားရပါမယ်၊၊ ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ၊၈ျင်းတို့ကို ဆီသတ်ပါ၊၊နီလာလျှင် ငရုတ်သီးအရောင်တင် အမှုန့်ထည့်ပါ၊။ ပြီးလျှင် ကြက်သားနှင့်ငါးဖယ်လှီးပြီးသားတွေ ထည့်ပြီး ဆီသတ်ပါ၊၊ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဟင်းရည်ချက်ဖို့ အိုးကြီးကြီးထဲမှာ ရေနွေးဆူအောင်စတည်ရပါမယ်၊၊ ရေနွေးဆူတာနှင့် ကြက်ပြုတ်ရည်ထည့်ပါမယ်၊၊ ပဲရည်ဖျော်ထားတာထည့်ပါမယ်၊၊ အိုးမကပ်အောင် တောက်လျှောက်မွှေပေးရပါမယ်၊၊ ပဲရည်ပွက်လာရင် နို့စိမ်းဗူးတွေ ထည့်ရပါမယ်၊၊
နို့စိမ်းဗူး(၁၀)လုံးများမယ်ထင်ရင် အီတာမကြိုက်ဖူးဆိုရင် လျော့ထည့်လို့ရပါတယ်၊။ ကြက်သွန်ဥ အခွန်နွာထားတာတွေ ထည့်လို့ရပါပြီ၊၊ နောက်ဆုံးမှ ကြက်သားဆီသတ်ထားတာ၊ ဘဲဥရယ်၊ပဲသွေးတို့ကို ထည့်ရပါမယ်၊၊ဆား၊ သကြား၊ အချိုမှုန့်တို့ကို သင့်တော်သလို မြည်းပြီးထည့်ရပါမယ်၊၊
ခေါက်ဆွဲနှင့် ရောစားဖို့ ကြက်သွန်နီ အစိမ်းကို ပါးပါးလှီးထားရပါမယ်၊၊မုန့်ကြွပ်ကြော်ထားရပါမယ်၊၊
အီနေရင်စားဖို့ရှောက်သီးစိတ်လေးတွေလည်းပြင်ဆင်ထားဖို့ ကျန်ပါသေးတယ်၊၊အစပ်စားချင်ရင်တော့ ငရုတ်သီးမှုန့်လေးဆောင်ထားဖို့လိုပါတယ်၊၊ ကဲ ခုအားလုံး ပြင်ဆင်ပြီး သွားပြီ ဖြစ်လို့ ပန်းကန်လုံးလေးထဲကို ခေါက်ဆွဲထည့်ပါမယ်၊ ။ ဟင်းရည်ထည့်ပါမယ်၊၊ ကြက်သွန်နီ လှီးထား တာလေးတွေ ဖြူးလိုက်ပါ၊၊ စားလို့ပါပြီ၊၊ ကြက်သွန်အစိမ်းမစားချင်တဲ့လူတွေကတော့ မုန့်ကြွပ်ကြော် ထည့်ပြီး စားလေ့ ရှိပါတယ်၊။


Sunday, 7 January 2007

ကျွန်မအဘွားချက်သော ရန်ကုန် မုန့်ဟင်းခါး

ကျွန်မတို့ ရပ်ကွက်မှာ အလှူလုပ်တိုင်း မုန့်ဟင်းခါးအိုးကြီးချက်ဆို ကျွန်မအဘွားလက်ရာကို မမီဖူးလို့ပြောကြ ပါတယ်၊၊ကျွန်မလည်း အဲလိုပဲထင်တာပေါ့၊။ အဘွားက မုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်သလဲဆိုရင် မနက်တိုင်းစားပါတယ်၊။ ကျွန်မလည်း အဘွားရဲ့ အမွေ အဖြစ်ချက်နည်းလေးတော့ သင်ထားပါတယ်၊၊ အားလုံးချက်ကြည့်ကြပါနော်၊၊
မုန့်ဟင်းခါး တစ်ဆယ်ပိသာ ချက်တော့မယ်ဆိုရင် လိုအပ်တာကတော့
ငါးက (၃) ပိသာထည့်ရပါမယ်၊၊ငါးခူကတော့ အကောင်းဆုံးလို့ အဘွားကပြောပါတယ်၊၊ နောက်ပီး ဆန်လှော်မှုန့်(၃၀)သား၊ပဲမှုန့်အကျက်(၃၀)သား (ဒါမှမဟုတ်) မြေပဲလှော်ပီးသားထောင်းထည့်ရင်လဲရပါတယ်၊၊ (၃၀)သားပဲပေါ့၊၊တချို့ကတော့ ရွှေကျီမှုန့်ထည့်ပါတယ်၊၊(၃၀)သားပေါ့၊၊
စုစုပေါင်း (၁)ပိသာပေါ့၊၊ အဘွားကတော့ ရွှေကျီမှုန့် မထည့်ဖြစ်တတ်တော့ ကျန်တဲ့ (၂)မျိုးပေါင်း (၁)ပိသာထည့်ပါတယ်၊၊ ကိုယ်ကြိုက်တဲ့ဟင်းရည် အပျစ်အကျဲအပေါ်မူတည်ပြီး ဆန်မှုန့်တို့ ပဲမှုန့်တို့ကို လျော့ထည့်လို၇တယ်လို့ ပြောပါတယ်၊၊
ပထမဆုံး ဒန်အိုးထဲမှာ စပါးလင်(၅)ပင်လောက်ရေဆေးပြီး ခင်းရပါတယ်၊၊ အောက်ပိုင်းက အမြစ်တို့ အတက်တို့မပါပါဖူး၊၊ အရွက်တွေချည်းပဲခင်းရမှာပါ၊၊
ငါးကို ရေပြောင်အောင်ဆေးပြီး ၊ ငံပြာ၇ည်၊ ဆနွင်းနဲနဲ၊အချိုမုန့်လိုသလောက်ထည့်ပြီး ပြုတ်၇ပါမယ်၊၊
အဲဒီအချိန်မှာ စောစောကဖယ်ထားတဲ့
စပါးလင်အတက်လေးတွေ၊၈ျင်း၊ ကြက်သွန်ဖြူတို့ကို ညှက်နေအောင် ထောင်းထားရပါမယ်၊၊ကြက်သွန်နီကိုတော့ အလုံးလိုက်ခွာထားရမယ်၊။ ငါးပျောအူကိုလည်း လှီးထားရပါမယ်၊ ငါးပျောအူက လှီးပြီးရင် မဲတတ်လို့ ရေထဲမှာ ဆနွင်းမုန့်ထည့်ပြီး စိမ်ထားရပါမယ်၊၊
ငါးပြုတ်တာ ကျက်ပြီဆိုရင်တော့ ငါးတွေကို အသားတွေ တတ်ဖယ်ပါတယ်၊၊
အရိုးတွေကိုတော့ ထောင်းပြီး အ၇ည်စစ်ပါတယ်၊၊ငါးအရိုးမှာ အသားလုံးဝမကျန်တဲ့အထိပေါ့၊ နောက်အရိုးတွေကို လွင့်ပစ်ပြီး အသားပြုတ်ရည်ကိုခဏဖယ်ထားရပါမယ်၊။ဘဲဥ(၃၀)လုံးလောက်ကိုလဲ ပြုတ်ထားရပါမယ်၊၊ကိုယ်ကြိုက်သလောက်ထည့်လို့ရတယ်လို့ ပြောပါတယ်၊၊
ဘဲဥကျက်ရင် အခွံခွာပြီးပါးပါးလှီးထားပါ၊၊
နောက်ဒယ်အိုးထဲ ဆီစထည့်ပါမယ်၊။
စပါးလင်၊၈ျင်း၊ ကြက်သွန်ဖြူ ထောင်းပြီးသားတွေကို ထည့်ပီး ဆီသတ်ရပါမယ်၊။ ကျက်လို့ မွေးလာရင် ငါးရုတ်သီးအရောင်တင်မှုန့်ထည့်ပါမယ်၊။ ခဏနေရင် ငါးအသားတွေကို ထည့်ပြီးမွှေပါ၊၊ ငါးတွေ နီပြီး ခြောက်သွားတဲ့ အထိ မွှေပေးရပါမယ်၊၊
ပြီးရင် မုန့်ဟင်းခါးချက်ဖို့ အိုးအကြီး၊ အလွတ်တစ်လုံးစပြီး တည်ပါ၊။ ငါးပြုတ်ရေစစ်ထားတာ တွေစထည့်လို့ ရပါပီ၊။
ငါးပြုတ်ရေ ပွက်ရင် ဆူလာရင် ဆန်လှော်မှုန့်နှင့် ပဲမှုန့်တွေထည့်ပြီး မွှေပေးပါ၊။ အဆက်မပြတ် မွှေပေးပါ၊၊ အမှုန့်တွေက အိုးကပ်ပီး တူးသွားတတ်လို့ပါ၊၊ဆန်လှော်မှုန့်ပွလာရင် ငါးဆီသတ်ထားတာတွေ ထည့်ပါ၊၊ရေကိုလိုသလောက်ကြည့်ထည့်ပါ၊။ဟင်းရည်အိုးကို မွှေပေးဖို့က အဓိကပါ၊၊တူးသွားရင် အားလုံး ဆုံးရှုံးသွားမယ်လို့ ဘွားကပြောပါတယ်၊၊ အရသာမြည်းကြည့်ပါ၊၊ နောက်ဆုံးမှ ကြက်သွန်ဥတွေနှင့် ငါးပျောအူတွေ ၊ ဘဲဥ လှီးပီးသားလေးတွေ ထည့်ရုံပါပဲ၊၊
ပီးပါပီ၊၊ ချက်စားကြည့်ကြပါ၊။ ပြီးရင် ကျွန်မကိုကျွေးပါ၊၊ ကျွန်မအဘွားလက်ရာ မီမမီသိချင်လို့ပါ၊၊ ဟီး၊၊ ကျွန်မကိုယ်တိုင်တော့ တစ်ခါမှ မချက်ဖူးသေးပါဖူး၊၊ ဘာလို့လည်း ဆိုတော့ အဘွားကဘေးမှာရှိနေတာကိုး၊၊


Friday, 5 January 2007

ကျွန်မ ကြိုက်သော ဒေသလိုက်အစားအစာများ

လူတွေက ပြောကြတယ်၊။ ဟင်းကောင်းဆို အသားပါမှတဲ့၊။လူတကိုယ် အကြိုက်တစ်မျိုးစီ ပေါ့ရှင်၊။ ကျွန်မက တော့ မကောင်းတာမှ ကြိုက်တယ်လို့ပြောရမလား၊၊ အသားဆိုလို ကြော်တာလောက်ကိုပဲ နှစ်သက် ပါတယ်၊ အရသာ အရမ်းရှိတဲ့ အီတာ၊ ချိုတာဆို လုံးဝမစားတတ်တာပဲ၊။ ကျွန်မအချဉ်စားလွန်းလို့၊ အိမ်က အချဉ်ကြိုက် လူမိုက်လို့ပြောပါတယ်၊။ ကျွန်မလို့ ဟင်းဂျီးများတဲ့ လူတွေ ရှိအုံးမလားလို့ပါ၊၊ အမေကတော့ ပြောတယ် ၊ သမီးကိုယ်ဝန်နှင့်တုန်းက အမေ ဘာမှ စားချင်ဖူးတဲ့၊၊ လက်ဖက်သုတ်ပဲ စာချင်းတာတဲ့၊။ ဒါကြောင့်ထင်ပါရဲ့၊၊ ကျွန်မကို မွေးလာတော့ လေးပေါင်ပဲ ရှိသတဲ့၊။ အရေပြားလေးတွေက ပါးပါးလေးမို့လို့ အထဲက သွေးကြောလေးတွေပါ မြင်နေရလို့တော့၊၊ ဖေဖေက တော့ သူသမီးကြီးကို ဘုံတိုလေးလို့ ချစ်စနှိုးခေါ်ပါလေရဲ့၊၊
ကဲ ကျွန်မ စာ လမ်းချော်တော့မယ်။ ကျွန်မကြိုက်တတ်တဲ့ အစားစာလေးတွေကို ဒီကနေ ဝေမျှခွင့်ပြုပါနော်၊၊
ကျွန်မ က အညာသူဆိုတော့ လက်ဖက်သုတ်ကို အကြိုက်ဆုံးပေါ့ရှင်၊၊
ကျွန်မတို့ တောင်တွင်းကြီးမြို့မှာ အဓိက ထွက်တာကတော့ ပဲ၊နှမ်း၊ ကြက်သွန်၊ငရုတ် ၊ ပြောင်းဖူးပေါ့၊၊ ကျွန်မ တို့ ဒေသကလူတွေကတော့ မျှင်ငါးပိ ကို အရမ်းစားကြပါတယ်၊၊ မနက်ဖက်ဆို ငါးပိဖုတ်နှင့်၊ လက်ဖက်သုတ် မပါတဲ့ နေ့ သိပ်မရှိပါဖူး၊၊ မုန့်ပဲ သားရေစာရောင်းတာလဲ သိပ်မရှိပါဖူး၊၊ မနက်ဆို ပြောင်းဖူးပေါ်ချိန်ဆို ပြောင်းဖူးပြုတ် ရောင်းတာတို့၊ လောက်ပဲရှိပါတယ်၊၊ ထန်းညက်လည်းပေါ်ပါတယ်၊၊ ကျွန်မကတော့ အချိုမကြိုက်လို့ မစားပါဖူး၊၊ ကျွန်မတို့ မြိုံ့ မှာ ကျွန်မကြိုက်တဲ့ အစားအစာက တော့ သင်္ဘောသီး သုတ်ပါ၊၊ တောသုတ်နှင့် မြို့သုတ်ဆိုပီး (၂)မျိုးရှိပါတယ်၊၊

တောသုတ်ကတော့ သဘောင်္သီးကို ခြစ်ထားရပါတယ်၊၊ ပီးတော့ ငါးပိဖုတ်ရယ်၊ ရှောက်သီးရယ်၊ ပုဇွန်ခြောက် မုန့်ရယ်၊ ငရုတ်သီး(ပီနံသီး) ကို ထောင်းပီး ထည့်ရ ပါတယ်၊၊ ပီးတော့ အချိုမုန့် ကို သင့်တော်ရုံထည့်ပြီး သုတ်လိုက်ရုံပါပဲ၊၊ ချဉ်၊ငံ၊စပ်လေးပေါ့၊၊
နောက် မြို့သုတ်ကတော့ သဘောင်္သီးကို ခြစ်ထားရပါတယ်၊၊ နောက်ပီး အာလူးပြုတ်၊ကြက်သွန်ဖြူဆီချက်၊ တို့ဖူး၊ ပဲမုန့်၊ ငရုတ်သီးလှော် မုန့်တို့ကို ထည့်ပီး သုတ်ရတာပါ၊။ စီးစီးလေးနှင့် စားလို့ အရမ်းကောင်းပါတယ်၊။ မယ်ဇလီဖူးပေါ်ချိန်ဆို မယ်ဇလီဖူးပါရောသုတ်လေ့ရှိပါတယ်၊
ကျွန်မတို့ မြို့မှာ မျှစ်လည်းပေါ့ပါတယ်၊။ မျှစ်ပေါ်ချိန်ဆို မျှစ်အဆို ဖြူနုနုလေးတွေ ကို ရေ(၃)ရက်လောက် စိမ်ထားပီး၊ ငါးပိ၊ ပုဇွန်ခြောက်မှုန့်နှင့် နှပ်ပီး စားရတာ အိအိလေးနှင့် စားလို့ကောင်းပါတယ်၊၊နောက်ပီး မျှစ်ကို ငရုတ်သီးစိမ်းနှင့် ငါးပိနှင့် ခရမ်းချဉ်သီးနှင့် ချက်စားတာကို လည်း အရမ်းကြိုက်ပါတယ်၊။
ဆောင်းတွင်းဆို ခရမ်းချဉ်သီးက အရမ်းပေါတော့ အိမ်ထဲမှာ တင်းလိုက်ဝယ်ပီး ဖြန်ထားလေ့ရှိပါတယ်၊။ ခရမ်းချဉ်သီး ချက်နှင့် လက်ဖက်သုတ်က တော့ ကျွန်မတို့ ဒေသရဲ့ ပင်တိုင်ဟင်းဆိုလဲမမှားပါဖူး၊၊မနက်ဖက်ဆို အစောကြီးထပြီး ဘွားဘွားကြီး လုပ်ပေးတဲ့ကောက်ညှင်းပေါင်းစားရတာကို သတိရမိပါတယ်၊။ ကျွန်မတို့မြို့က တောင်(၄) တောင်ရဲ့အလည် တွင်းထဲမှာ ရှိလို့ အရမ်းပူ၊ အရမ်းအေးတဲ့ဒေသတစ်ခုပါ၊၊
မြေပဲပေါတော့ မြေပဲကိုကြော်လိုက် ၊ လှော်လိုက်၊ ပြုတ်လိုက်ပဲပေါ့၊၊ ကျွန်မကတော့ ထမင်းပူပူ ကို ဆီစမ်းပီး မြေပဲနှင့် စားရတာကို နှစ်သက်ပါတယ်၊၊ ကျွန်မတို့ ဒေသမှာ ထွက်တာကို မူတည် ပီး လူတိုင်း ကောင်းကောင်း ချက်နိုင်ကြပေမဲ့ ကျွန်မကတော့ ကျွန်မကြိုက်တာလေးတွေ လောက်ပဲ တင်ပြတာပါ၊။
ခု ဒီစာရေးနေတဲ့ အချိန်က နေလည်စာစားချိန်လေ၊ ကျွန်မ ထမင်းမစားနိုင်သေးပဲ ကျွန်မဒေသက အစားအစာ လေးတွေကို စိတ်ကူးရင်းရေးနေမိတာပါ၊၊ ကဲ၊ ဗိုက်တောင် တော်တော်ဆာလာပီ၊။သွားစားအုံးမှပဲ၊၊ နောက်ရက်မှ ကျွန်မရောက်ဖူးတဲ့ အခြားဒေသက အစားအသောက်လေးတွေရေးပါ့မယ်၊၊ ကျွန်မ ကြိုက်တာပဲရေးမှာနော်၊၊

Friday, 29 December 2006

ကျွန်မ ချစ်သော ဘွားဘွားကြီး

ကျွန်မ ဘွားဘွားကြီး ကို အရမ်းချစ်ပါတယ်၊၊ ဘွားဘွားကြီး ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ၊ဘွားဘွားကြီးဟာ မေမေ့ရဲ့ အဒေါ်အပျိုကြီးပါ၊။ မေမေတို့ ငယ်ငယ်က မြို့သစ်မြို့နယ်က ဆားတဲဆိုတဲ့ ရွာလေးမှာနေပါတယ်၊၊ ကျွန်မမေမေ ကျောင်းစထားတဲ့ အရွယ်ကစပြီး ၊ သူတူမလေးကို သူလိုစာမတတ်မှာစိုးလို့ ဆိုပီး မြိုမှာ အိမ် တစ်လုံးဝယ်ပေးပါလို့ မိဘတွေကို ပူဆာပီး တောင်တွင်းကြီးမြို့ပေါ်မှာ တူဝရီးနှစ်ယောက်ထဲနှင့် ဘ၀တစ်ခု စပီးတည်ထောင်ခဲ့တာပါ၊၊ ဒါပေမဲ့ မေမေက (၁၀) တန်းထိပဲအောင်ခဲ့ပါတယ်၊၊နောက်ပိုင်း မေမေ အိမ်ထောင်ကျတော့လည်း မေမေနှင့်တူတူ မြတ်မြို့ထိ လိုက်နေခဲ့ပါတယ်၊၊
ဘွားဘွားကြီးက ငယ်ငယ်က စာအရမ်းသင်ချင်ပါတယ်၊ဒါပေမဲ့ ရှေးလူကြီးတွေရဲ့ ထုံးစံအတိုင်း
မိန်ကလေး သေစာရှင်စာတတ်ရင်တော်ပိ ဆိုပီး ကျောင်းမထားပေးလို့ သူစာမသင် ခဲ့ရတဲ့ အကြောင်းတွေ ပြောပြီး စာကြိုးစားခိုင်းပါတယ်၊၊ ကျွန်မတို့ စာကျက်ချိန်မှာ ဆိုရင် ဘာမှ မခိုင်းပါဖူး၊စာသာ ကျက်နေမယ်ဆိုရင် ထမင်းလည်းအဆင်သင့် အားလုံးကို ဘွားဘွားကြီးက လုပ်ပေးထားပါတယ်၊၊ ကျွန်မတို့ဟာ မိဘနှင့် နေတဲ့အချိန်ထက် ဘွားဘွားကြီးနှင့် နေတဲ့ အချိန်က ပိုများပါတယ်၊၊ ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေက အများကြီးပါ၊၊ကျွန်မအဖေက အစိုးရ၀န်ထမ်းဆိုတော့ သူ့လစာနှင့်မလောက်ပါဖူး၊အဲဒီ အချိန်က မြိတ်မြို့မှာ မှောင်ခိုကုန်ကူးတာ တွေခောတ်စား တဲ့အချိန်ပေါ့၊၊ ဘွားဘွားကြီးက ကျွန်မတို့ မိသားစုကို ကုန်ကူးပီးကျွေးခဲ့ပါတယ်၊၊ ယိုးဒယားဖက်က သွင်းလာတဲ့ကုန်(အထည်၊ အချိုမုန့်၊ စတီး၈ျိုင့်၊ တွေကို ရန်ကုန်ကို သဘောင်္နှင့် သယ်ရပါတယ်၊၊ ရန်ကုန်မှာ ပြန်သွင်းရတာပါ၊၊ တခါတလေ အဖမ်းခံရရင် အရင်းပါပြုတ်ပါတယ်၊၊ အကောက်ခွန်ဌာနက လူတွေအတွက်တော့ ချမ်းသာကြတာပေါ့၊၊ ဘွားဘွားကြီး ၊ရန်ကုန်ကပြန်လာရင် သီးအနှံတွေပြန်သယ်လာပါတယ်၊၊ ခရမ်းချဉ်သီး၊လိမ်မော်သီး၊ ပန်သီးပေါ့၊ အဲဒါတွေကို ကျွန်မတို့က မြိတ်မှာ ပြန်ရောင်းရပါတယ်၊၊ ကျွန်မငယ်ငယ်က လိမ်မော်သီးေ၇ာင်းရတာ အရမ်းရှက်ပါတယ်၊၊ ဘွားဘွားကြီး က သမာအာဇီဝပဲ၊ ရှက်စရာမလိုဖူးလို့ ဆုံးမထားပါတယ်၊၊ နောင်မှ မေမေက ဈေးရောင်းတော့ ဘွားဘွားကြီးကို အိမ်မှာပဲ ကျွန်မတို့မောင်နှစ်မ နှင့်နေ မေမေ့ဆိုင်ထမင်းပို့ ၊ဆိုင်ထိုင် ၊ပြောင်းပီးလုပ်ခဲ့ပါတယ်၊၊ (၈၈)အရေးအခင်းဖြစ်တော့ ကျွန်မတို့မိသားစု မြိတ်မြို့မှာ အမျိုးမရှိတာမို့လို့ ၊ ပြေးမယ်ဆိုရင် ပြေးစရာနေရာမရှိဖူးဆိုပြီး၊ဘွားဘွားကြီးက ကျွန်မတို့ မောင်နှစ်မတွေကို သူ့မွေးရပ်မြေ တောင်တွင်းကြီးကို ပြန်ခေါ်လာခဲ့ပါတယ်၊၊ဖေဖေမေမေတို့ ပို့တဲ့ ပိုက်ဆံနှင့် သူ့လယ်က ထွက်တဲ့စပါးတွေနှင့် ကျွန်မတို့ မောင်နှစ်မတွေကို (၁၀) တန်းအောင်တဲ့ အထိ ကျောင်းထားပေးခဲ့ပါတယ်၊၊
(၁၀)တန်းအောင်ရင် ကျွန်မအဖေက ကျွန်မတို့ကို ရန်ကုန်က အဘွားအိမ်ကို ပို့ပီး ကျောင်းဆက်တက်တော့ ဘွားဘွားကြီးနှင့် ဝေးသွားပါတယ်၊။ ကျွန်မအလုပ်ရတော့ တနှစ်တခါ ဘွားဘွားကြီးကို ပြန်ပီး ကန်တော့ပါတယ်၊၊ ဘွားဘွားကြီးကတော့ ကျွန်မတို့ ပြန်လာရင် သူ့သူငယ်ချင်းတွေကို သူ့မြေးတွေ လိမ်မာကြောင်း၊ရန်ကုန်မှာ အလုပ်လုပ်နေတာဖြစ်တဲ့ အကြောင်းဂုဏ်ယူနေလေ့ရှိပါတယ်၊၊ ကျွန်မတို့ ပညာတတ်ဖြစ်လာတာကို မြင်ရတာကပဲ သူ့အတွက် အားဆေးတခွက်ပဲတဲ့၊၊သူ ဘာမှ မလိုပါဖူးတဲ့၊၊ ကျွန်မတို့ ပို့သမျှ ပိုက်ဆံတွေကို သူ အကုန်စုပြီး လှူပစ်ပါတယ်၊၊
ဒီလိုနှင့်ပဲ ဘွားဘွားကြီးဟာ အသက်(၈၀) နားနီးမှာ ဆုံးသွားပါတယ်၊၊ ဆုံးသွားရတဲ့ အကြောင်းအရင်းကို ပြောပြပါရစေ၊၊ ကျွန်မအဘွားဟာ ဒီလို့ ဆေးမီတို တစ်ခုကြောင့် ဆုံးသွားရတယ်ဆိုတာ စဉ်းစားမိတိုင်း ရင်နာလို့ မဆုံးပါဖူး၊၊ သူသင်ချင်ခဲ့တဲ့ ပညာတွေ မသင်ခဲ့ရလို့ ဗဟုသုတ မရှိခဲ့လို့များလား၊၊ ပထမမှာ ဘွားဘွားကြီးက ယားနားတစ်ခု ပေါက်လာပါတယ်၊၊ အဲဒါကို ဆေးခန်းမပြပဲ နှမြောပိး ၊သူများပြောတဲ့ နွားချီးခြောက်နှင့် အုန်းဆီလိမ်းပါတယ် ၊ မေမေလည်းမသိလိုက်ပါဖူး၊၊ အဲဒီမှာ အနာက ပိုဆိုးလာပီး ၊ တကိုယ်လုံး အနာတွေ ပေါက် လာပါတယ်၊၊ ကျွန်မတို့လည်းသိသိချင်း ဆေးအမြန်ကုပါတယ်၊၊ မေမေက ဘွားဘွားကြီးကို နေ့တိုင်းရေးချိုးပေးပီး ၊ ဆရာဝန်ပေးတဲ့ လိမ်းဆေးတွေနှင့် ပြောင်းကုပေးပါတယ်၊၊ ဘွားဘွားကြီးက ကျွန်မတို့ကို စိတ်ပူမှာဆိုးလို့ မခေါ်ခိုင်းပါဖူး၊၊ နှောက်ဆုံးအချိန်ရောက်မှ မေမေ ပြန်ခေါ်မှ ကျွန်မတို့တွေ ပြန်လာခဲ့တာပါ၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးကို သေသေချာချာ ပြုစုပေးခဲ့ပါတယ်၊၊ သူလှူချင်တဲ့ ဘုရားကြီးကို လည်းကျွန်မကိုယ်တိုင် သွားလှူပေးခဲ့ပါတယ်၊။ အိမ်ပြန်ရောက်တော့ ဘွားဘွားကြီးကို ပြန်ပိးအမျှဝေပေးပါတယ်၊၊ ဘွားဘွားကြီးက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်၊၊ နောက်တော့ ဘွားဘွားကြီးက ငါလှူချင်တာတွေလည်းလှူပီးပီ၊၊ ငါ့မှာ ၀ဠ်ကြွေးတွေရှိခဲ့ရင် ဒီဘ၀နှင့် ပဲ အကြေဆပ် ခဲ့တယ်တဲ့၊၊ ငါ့မြေးတို့ အလုပ်ရှိတယ် ပြန်ကြတဲ့၊၊ အဘွားက သေပျော်ပီဆိုပြီး ပြန်လွတ်လိုက်ပါတယ်၊၊ နောက်တစ်လကြာတော့ ဘွားဘွားကြီး ဆုံးသွား ပါတယ်၊၊
ဘွားဘွားကြီးဟာ ကျွန်မဘ၀ ရဲ့ အားမာန်ပါ၊၊ ကျွန်မတို့ မောင်နှစ်မတွေရဲ့ သိမ်ငယ်မှုတွေ ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့တာပါ၊၊ဘွားဘွားကြီး ရဲ့ ကျေးဇူးတွေဟာ ကျွန်မရဲ့ ဘ၀ မှာ တန်ဖိုး မဖြတ်နိုင်ခဲ့ပါဖူး၊၊ ကျွန်မတို့တွေ ဘွားဘွားကြီးရဲ့ ကျေးဇူးတွေကို ကျေအောင်ဆပ်နိုင်ခဲ့လား ဆိုတာ ကျွန်မကိုယ်ကျွန်မ မယုံကြည်ခဲ့ပါဖူး၊၊ဒီလိုနှင့် ပဲ ဘွားဘွားကြီး ကျွန်မတို့ကို ထားခဲ့တာ ၅ နှစ်ရှိခဲ့ပါပီ၊၊ ကျွန်မအနေနှင့်ကတော့ ဘွားဘွားကြီးကို တောင်းတွင်းကြီးမှာ ရှိနေဆဲပဲဆိုတဲ့ အသိတစ်ခုအနေနှင့်ပဲ ရှိနေဆဲပါ၊၊

Friday, 15 December 2006

အမှတ်တရစာပိုဒ်လေး

ဒီစာပိုဒ်လေးက ကျွန်မအတွက် ရီရမလို၊ ငိုပဲငိုလိုက်ရမလိုဖြစ်ခဲ့တဲ့ကဗျာလေးပါ၊၊ တိုက်ဆိုင်မှုဆိုတာလေးတွေ ရှိခဲ့ရင်ပေါ့လေ၊၊ ကျွန်မ အခု ညနေပိုင်း သင်တန်းတစ်ခုတက်နေပါတယ်၊၊ ကျွန်မအတွက် အခြေခံဗဟုသုတ လုံးဝမရှိခဲ့တဲ့ အကြောင်းအရာတွေမို့လို့ ဆရာစာရှင်းပြတိုင်းမှာ ကျွန်မချက်ချင်းနားမလည်ပါဖူး၊၊ အူကြောင်ကြောင် နှင့် ဆရာပြောသမျှ၊အသေမှတ်လေ့ရှိပါတယ်၊၊ ပြီးမှပဲ ကျွန်မသူငယ်ချင်းတွေကို တဆင့်ပြန်ရှင်းပြခိုင်းလေ့ရှိ ပါတယ်၊၊ အဲလိုနားမလည်လို့ ပြန်ရှင်းပြခိုင်းတိုင်းမှာ ကျွန်မသူငယ်ချင်းက ပြောပါတယ်၊၊ “ကောင်မလေး၊အတတနှင့် စာသင်ပေးတာ၊ ကောင်းကောင်းမသင်၊သနားလို့ စောင်ခြုံပေးတော့၊သေးပေါက်ချတယ်” လို့ပြောပါတယ်၊၊ အဲလို ပြောတော့ ကျွန်မအရမ်းရှက်တာပေါ့၊၊ ငါစာနားမလည်တာကိုလှောင်တယ်ပေါ့လေဆိုပီးတော့လေ၊၊ ကျွန်မစာမေး မိတိုင်း သူအမြဲပြောပါတယ်၊၊ မနေ့ကတော့ ဆရာလည်းစာသင်ပြီးရော ကျွန်မနားမလည်တာကို သိနေတဲ့ သူငယ်ချင်းက “နင်ရေချိုးလာရဲ့လား၊နင့်ဆီက သေးစော်နံတယ်တဲ့၊ သေးများပေါက်ချထားလား”တဲ့ ကျွန်မကို မေးပြန်ပါတယ်၊၊ ကျွန်မလဲ စိတ်က ခပ်ချဉ်ချဉ်ဖြစ်နေတော့ “ရေမချိုးခဲ့ဖူး ၊ သေးတွေလည်းပေါက်ချထားတယ်” လို့ ပြန်ပြောလိုက်ပါတယ်၊၊ နင်အရမ်းညစ်ပတ်တာပဲ ဆိုပြီး ကျွန်မ ကို သူဆိုနေကျ ကဗျာကို ရွတ်ပြပြန်ပါတယ်၊၊ ဒီတချိန်မှာတော့ ကျွန်မလည်း သီးမခံတော့ပဲ “ခင်ဗျား၊ ဘာဖြစ်နေလဲ၊ စာနားမလည်လို့ ပြန်ရှင်းခိုင်းတာ ဒီလိုနှိမ်ရလား၊၊ ဒီလို စိတ်နှင့်ဆို ခင်ဗျား နောင်ဘ၀၊ဒီလောက်တောင် စာတော်မှာ မဟုတ်ဖူး ”လို့ ပြန်အော်လိုက်ပါတယ်၊၊ သူလည်းခဏ ငြိမ်သွားပြီး ၊ ကျွန်မကို ပရိုဂရမ် အသစ်တစ်မျိုးရေးပြီး ပြန်ရှင်းပြပါတယ်၊၊
ပြီးတော့မှ သူတို့ ငယ်ငယ်က ကျောင်းမှာ သူများမခံချင်အောင်စခဲ့တဲ့ စာပိုဒ်လေးတစ်ပုဒ်ဖြစ်ကြောင်း ပြောပြ ပါတယ်၊၊ စာပိုဒ် အစအဆုံးကတော့ ဒီလိုပါ၊၊
“ ကောင်မလေး၊ အတတ နှင့် စာသင်ပေးတော့လဲ ၊ ကောင်းကောင်းမသင်၊ မုန့်ဖိုးပေးတော့လဲ၊ ဖျောက်ပစ်တယ်၊ သနားလို့ စောင်ခြုံပေးတော့လဲ၊ သေးပေါက်ချတယ်” တဲ့၊၊
ကဲ အားလုံးပဲ တိုက်ဆိုင်မှုရှိရင် ပြုံးနိုင်ကြပါစေ၊၊ ကျွန်မ အတွက်တော့ အရမ်းတိုက်ဆိုင်ခဲ့လို့ စဉ်းစားမိတိုင်း ကျွန်မ မရီဖြစ်ရင်တောင် ပြုံးမိပါတယ်၊၊

Wednesday, 13 December 2006

ကျွန်မ သွားခဲ့သော ခရီးများ

ကျွန်မအရင်ကခရီး၊သိပ်မထွက်ဖြစ်ပါဖူး၊။အိမ်ကဘယ်မှမလွတ်လို့ပါ၊၊ခုနောက်ပိုင်း၊ရုံးမှာအလုပ်လုပ်တဲ့၊အချိန် က စပြီး၊အဖွဲ့အစည်းနှင့် လေ့လာရေးခရီးတွေ သွားရပါတယ်၊။ ပထမဆုံးအကြိမ် ရုံးနှင့်သွားတဲ့ခရီးက ဖျာပုံမြို့ အလွန၊်ကုလားထိပ်ရွာက၊ပင်လယ်ဝမှာရှိတဲ့ဖိုင်ဘာကေဘဲလ်ကို၊သွားရောက်လေ့လာတဲ့ ခရီးကနေစခဲ့တာပါ၊၊ အဲဒီဖိုင်ဘာကေဘဲလ်က၊ ပင်လယ်အောက်ကနေ၊ မြန်မာနိုင်ငံတွင်းကို၊ စတင်ဝင်လာတဲ့နေရာလေးကို သွားရောက်လေ့လာခဲ့တာ၊ဖြစ်ပါတယ်၊၊အဲဒီတုန်းက၊ကျွန်မတို့စီးတဲ့ကား၊မိုးတွင်းဆိုတော့လမ်းချော်ပီး၊ကံကောင်း လို့ ချောက်ထဲထိုးမကျတာ၊ လမ်းဘေးက လမ်းတားထားတဲ့ အုတ်တိုင်ခိုင်နေလို့ မကျတာပါ၊၊ ဖျာပုံအိပ်ချိန်းမှာ တညတည်းပြီး၊ ပင်လယ်ဝကို လှေစီးပီး ခရီးဆက်ခဲ့ကြပါတယ်၊၊ ကျွန်မကတော့ ရေမကူးတတ်ပဲနဲ့ လှေဦးမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို လေ့လာပြီးလိုက်လာရတာ အရမ်းပျော်ပါတယ်၊၊ မြစ်ကမ်းနားမှာ အိမ်တွေဆောက်ပြီး ရေလုပ်ငန်းလုပ်ကိုင်ရင်း အသက်မွေးကြတဲ့ လူတွေကို မြင်ခဲ့ရပါတယ်၊၊ သူတို့ဆို ရေပေါ်မှာပဲ လှေကလေးတွေ နှင့်သွားလာလှုပ်ရှားကြပါတယ်၊၊၀ါးဖောင်တွေရေပေါ်မှာ၊ထိုးထားပြီးငါးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်၊၊ ကျွန်မအတွက်တော့၊မြင်မြင်သမျှဟာ၊အထူးအဆန်းချည်းပါပဲ၊၊ကျွန်မကရေရှားတဲ့၊ အညာဒေသက လာတဲ့လူ ဆိုတော့လေ၊၊ ပင်လယ်ဝရောက်တော့ ကမ်းကိုမမြင်ရတော့ပဲ ကြည်လင်နေတဲ့ ပင်လယ်ရေစိမ်းစိမ်းလေ တွေကိုမြင်ရတာ၊ကိုင်ကြည့်ရတာအရမ်းကိုပျော်ရွှင်မိပါတယ်၊တယ်လီဖုန်းအိတ်ချိန်းတွေကိုလဲ လေ့လာခဲ့ကြ ပါတယ်၊၊ အပြန်မှာဖျာပုံဈေးထဲကနေ ပုဇွန်ခြောက်၊ငါးပိ၊ ငါးခြောက်တွေဝယ်ပြီးပြန်ခဲ့ပါတယ်၊၊ဒီခရီးလေးကတော့ ကျွန်မအတွက် ပညာတွေရော ဒေသအတွေ့အကြုံတွေပါ အများကြီးရခဲ့ပါတယ်၊၊ဖျာပုံခရီးရဲ့ အမှတ်တရဓါတ်ပုံ တွေက ဒီမှာ ပါရှင်၊၊
ဒုတိယအကြိမ် သွားတဲ့ခရီးကတော့ ရုံးက သူငယ်ချင်းတွေနှင့် ကျိုက်ထီးရိုးတောင်ပေါ်ကို သွားခဲ့တဲ့ ခရီးပါ၊၊
အသွားမှာ၊ညဖက်၈နာရီကနေ၊စထွက်ရပါတယ်၊၊သူငယ်ချင်းတွေ၊အများကြီးဆိုတော့၊အရမ်းကိုပဲပျော်စရာ ကောင်းခဲ့ပါတယ်၊၊ မနက်(၄)နာရီလောက်မှာ၊ကင်ပွန်းစခန်းကို၊ရောက်သွားတော့၊ရေချိုး၊ထမင်းစားပြီး၊နားရ ပါတယ်၊၊
မနက်အစောကြီး(၆)နာရီလောက်မှာ တောင်ပေါ်တက်မဲ့ ကားဂိတ်ကို သွားပြီးတန်းစီရပါတယ်၊၊ ကျွန်မတို့အဖွဲ့တွေကလူများတော့ကားတွေမတူတော့ပါဖူး၊၊ ရသေ့တောင်မှာ၊ လူပြန်စုမယ်လို့၊ ချိန်းထားကြပါ တယ်၊၊ လမ်းမှာတောင်ကမတ်စောက်တော့ဖြေးဖြေးချင်းမောင်းပြီးတက်ရပါတယ်၊။ကားမောင်းသမားတွေရဲ့ ကားမောင်းကျွမ်းကျင်မှုကချီးကျူးစရာပါ၊ကျွန်ဘေးကိုတောင်သိပ်မကြည့်ရဲပါဖူး၊၊ ဘေးမှာချောက်တွေချည်းပဲ မို့ပါ၊၊ ကားလမ်းကလည်း၊ တောင်ကိုပတ်ဖေါက်ထားတာ၊ ကျဉ်းကျဉ်းလေးပါ၊၊ အမြင့်ကိုရောက်လာလေလေ ကားလမ်းဘေးဝဲယာမှာ၊မြူတွေဆိုင်းနေတာ အရမ်းကြည့်လို့ကောင်းပါတယ်၊၊ ကျွန်မကတော့ ကြောက်ကြောက် နှင့် ဘုရားစာရွတ်နေတာ ရှုခင်းကိုအပြည့်အ၀ မခံစားနိုင်ပါဖူး၊၊ အဲလိုနှင့် ရသေ့တောင် ကနေ တောင်ပေါ်ကို ကားဆက်စီးလို့ရပေမဲ့မစီးပဲ၊လမ်းဆက်လျှောက်ကြတာပါ၊၊လမ်းမှာထမ်းစင်တွေနှင့်တက်ကြတဲ့ ၊အဘိုး၊ အဘွား တွေ၊ကလေးတွေ၊နိုင်ငံခြားသားတွေကို၊တွေ့ရပါတယ်၊၊ကျွန်မကတော့ မောပီးမတက်နိုင်လို့ နောက်ဆုံးမှပဲ တောင်ပေါ်ကိုရောက်ပါတယ်၊၊ တောင်ပေါ်ရောက်တော့၊ ကျွန်မတို့တည်းခိုမဲ့ဟိုတယ်ကို၊ အရင်သွားပါတယ်၊၊ ဟိုတယ်ပေါ်ကနေ တောင်အောက်က ကားပတ်လမ်းကိုကြည်ပြီး၊ ငါတို့လာခဲ့တဲ့လမ်းလေးပါလားလို့ ၀ိုင်းပြီး စကားထိုင်ပြောကြရင် အမောဖြေကြပါတယ်၊၊ပြီးတော့ ကျွန်မတိုတွေ့(၅)ယောက်၊ တစ်ခန်းအိပ်ကြပါတယ်၊၊ ဟိုတယ်တွေက၊လူပြည့်နေတော့(၂)ယောက်ခန်းကို၊ (၅)ယောက်ထည့်ထားတာပါ၊၊ အရမ်းချမ်းတယ်ဆိုတော့ အဆင်ပြေပါတယ်၊၊ ဒါတောင်ကျွန်မတို့အဖွဲ့တွေ၊ဟိုတယ်မှာတစ်ညပဲရပါတယ်၊၊ နောက်ရက်မှာ ဘုရားရင်ပြင် တော် ပေါ်က၊တိဿဆောင်မှာ၊ပြောင်းပြီးတည်းကြပါတယ်၊၊တည်ခိုခန်း၊မရတဲ့လူတွေဆို ဘုရားရင်ပြင်တော်ပေါ် မှာ ဖျာငှားပြီး အိပ်ရပါတယ်၊၊ ညဖက်ဆို ရွှေပြားကပ်တဲ့လူတွေနှင့် အိပ်နေတဲ့လူတွေနှင့် လမ်းလျှောက်ဖို့တောင် မလွယ်အောင် စည်ကားနေပါတယ်၊၊ ညမှောင်မှောင်မှာ ဘယ်နေရာပဲကြည့်ကြည့် မီးရောင်အစုအစုလေးတွေ နှင့်မြင်ကွင်းက အရမ်းကိုလှပနေပါတယ်၊၊ လေတဖြူးဖြူးနှင့် တရားထိုင်ရတာ အရမ်းကိုအေးချမ်းပါတယ်၊၊ နေ့လည်ဖက်ဆို ကျွန်မတို့ကျိုက်ထီးရိုးတောင်ဘေးက ဘုရားစုံကိုလမ်းလျှောက်ပီး လျှောက်လည်ကြပါတယ်၊၊ အရမ်းပင်ပန်းပေမဲ့ အဖွဲ့လိုက် တစ်ယောက်ကို တစ်ယောက်အကူအညီပေးပြီးသွားရတာ အရမ်းကိုပျော်ဖို့ ကောင်းပါတယ်၊၊ အပြန်မှာတောင်ပေါ်ကနေ တောင်အောက်ဆုံးအထိ တောထဲကနေလမ်းလျှောက်ပီး ပြန်ခဲ့ကြ ပါတယ်၊၊ ကျွန်မလမ်းမလျှောက်နိုင်တော့လို့၊ ကျွန်မသူငယ်ချင်းတွေက တရွတ်တိုက်ဆွဲပြီး ခေါ်ခဲ့ကြပါတယ်။ ကျွန်မလိုစိတ်သာရှိပြီး တကယ်တန်းခရီးသွားတဲ့အခါ မလိုက်နိုင်တဲ့သူကို ၀ိုင်းဝန်းပြီးရောက်အောင်ခေါ်ခဲ့ကြတဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ကျေးဇူးတွေကို ကျွန်မ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဖူးရှင်၊၊

Thursday, 7 December 2006

မိတ်ဆက်

ဘာရေးရရင်ကောင်းမလဲ၊၊
ကျွန်မ အင်တာနက်မှာ ကျွန်မသူငယ်ချင်းတွေရေးတဲ့ ဘလော့တွေ ဖတ်ပြီး အားကျလာတယ်၊၊ ကျွန်မလဲ စာတွေရေးချင်လိုက်တာ၊၊ ဒါပေမဲ့ ကျွန်မဇော်၈ျီဖောင့်ကို ကျွန်မရဲ့ ဘလော့မှာဘယ်လို သုံးရမယ်ဆိုတာ မသိလို့ ရှာနေတာနှင့် တော်တော်ကြာသွားတယ်၊၊ ကိုရိုးကိုလဲ တစ်ခါမှမသိပဲ မိတ်မဆက်မိပဲ၊ အကူအညီ တောင်းမိပါတယ်၊ ကျေးဇူးအထူးတင်ပါတယ် ကိုရိုးရေ၊၊ဒါဟာလဲ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ထင်ပါရဲ့၊၊
ကျွန်မက ကိုကလိုစေးထူးတို့လိုလည်း ၊ ရေးစရာအတွေ့အကြုံလည်းမရှိ၊ မမေဓါဝီတို့လိုလဲ ကဗျာလေးတွေ မရေးတတ်ပါဖူး၊ တခါမှလည်း မရေးဖူးပါဖူး၊၊ သူများရေးသမျှစာတွေ အားလုံးကိုတော့ ဖတ်တတ်၊ နားလည်ခံစားတတ်ပါတယ်၊၊
တကယ်လို့များ ကျွန်မ ဘလော့ လေးတွေ ဖတ်လို့ မကောင်းခဲ့ရင် ကျွန်မရဲ့ ညံ့ဖျင်းမှုကို နားလည်၊ပေးကြပါလို့ ကြိုတင်တောင်းပန်ပါရစေ၊၊
အားလုံးသော မိတ်ဆွေများ အေးချမ်းပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်၊၊

ကျွန်မ နှင့် ကျွန်မချစ်သောဖေဖေနှင့်မေမေ

မိသားစုတိုင်းမှာ ပြသနာ မဟုတ်တဲ့ ပြသနာလေးတွေ ရှိကြမှာပါ၊၊ ကျွန်မတို့ မိသားစုလေး အကြောင်းကို ဖတ်ပြီးရင် အတွေးတစုံတရာ ရခဲ့မယ်ဆိုရင် ကျွန်မကျေနပ်မှာပါ၊။ ကျွန်မအနေနှင့်က ဒါတွေက ကျွန်မဘ၀နှင့် ရင်းပီး ခံစားလာခဲ့ရတဲ့ အသိလေးတွေပါ၊၊
ငယ်ငယ်ကတော့ ဖေဖေကို ပိုချစ်တယ်လို့ ထင်ခဲ့ပါတယ်၊၊ ဘာလို့လဲ ဆိုတော့ ဖေဖေက သိပ်မရိုက်ခဲ့လို့ပါပဲ၊၊
ကျွန်မဘ၀မှာ ဖေဖေရိုက်ဖူးတာ နှစ်ခါပဲရှိပါတယ်၊၊ သတိရတိုင်းဖေဖေ့ကို ပြန်ပြောမိတာ ဖေဖေစိတ်မကောင်း ဖြစ်ပြီး မျက်ရည်လည်တာကို ကျွန်မတွေ့ခဲ့ဖူးပါတယ်၊၊ ငယ်ငယ်ကတော့ ဖေဖေ အဲလိုခံစားရတာတွေရင် ကျွန်မကျေနပ်ခဲ့ပါတယ်၊။ ဖေဖေတယောက်တော့ သူ့အချစ်ဆုံးသမီးကို ရိုက်ခဲ့မိတာ နောင်တရနေပီလို့ပေါ့၊၊ ဘာလို့လဲဆိုတော့ ကျွန်မကလေ မိဘနှင့်သားသမီးကြားမှာ ရိုက်ပြီးဆုံးမတာကို အရမ်းမုန်းခဲ့မိလို့ပါ၊၊
ပထမဆုံးအကြိမ် ဖေဖေရိုက်တာကတော့ ကျူရှင်ဆရာမကြောင့်ပါ၊။ ဆရာမက အရမ်းအရိုက်ကြမ်းပါတယ်၊၊ စာမရရင် ကိုယ်တုံးလုံးချွတ်ပီး ရိုက်တတ်ပါတယ်၊၊ ကျွန်မက အဲဒီဆရာမကို လမ်းမှာတွေ့ရင် ထွက်ပြေး တတ်ပါတယ်၊၊ နှုတ်မဆက်ရဲလို့ပါ၊၊
အဲဒီနေ့က ဖေဖေရုံးသွားဖို့ နီးနေတဲ့အချိန် ကျွန်မက ကျူရှင်မှာ ကျောင်းစာအုပ်ကျန်ခဲ့လို့ ဖေဖေ့ကို လိုက်ပို့ခိုင်းပါတယ်၊၊ ဖေဖေက ကျူရှင်အပြင်ကနေ စောင့်ပေးပါတယ်၊၊ ကျွန်မလဲ ကြောက်ကြောက်နှင့် ဆရာမ၊ စာအုပ်ကျန်ခဲ့လို့ပါဆိုတော့ ၊နေ့လည်စာချက်ရင်း အလုပ်ရှုပ်နေတဲ့ ဆရာမက မိဘတွေကအသုံးမကျဖူး၊၊ ကိုယ်သားသမီးကိုဂရုမစိုက်ဖူး၊ ဘာပဲဖြစ်ဖြစ်ဆရာမပဲလို့ပြောပြီး ရှာပေးပါတယ်၊။ အဲဒီစကားကိုကြားသွားတဲ့ ဖေဖေက ကျွန်မကြောင့် သူအရှက်ကွဲရတယ်ဆိုပြီး ရုံးကို မသွားတော့ပဲ ပေတံ(၃)ချောင်းကျိုးသွားတဲ့အထိ ရိုက်ပါတယ်၊။ပြီးတော့ ဒေါသမပြေသေးလို့ တမြက်စည်းနှင့် ဆက်ပီး ရိုက်ပါတယ်၊၊ သူဒေါသပြေမှပဲ ရုံးသွားပါတယ်၊၊ ညနေရုံးကပြန်လာမှ ဖေဖေက မုန့်ဖိုး(၇၅)ပြားပေးပီး ပြန်ချော့ပါတယ်၊၊ အဲဒီအချိန်ကကျွန်မရတဲ့မုန့်ဖိုးက(၂၅)ပြားပါ၊။ ဖေဖေလဲ ဒေါသပြေတော့ စိတ်မကောင်းတော့ ပြန်ချော့တာပေါ့၊၊ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ ကျွန်မဘ၀ရဲ့ ဒဏ်ရာတစ်ခု ဖြစ်ခဲ့တာ ဘယ်သူမှ မသိခဲ့ပါဖူး၊၊
ပြန်စဉ်းစားကြည့်တော့ ကျွန်မ သတိမေ့ပီး စာအုပ်ကျန်ခဲ့တာ၊ အကြောက်လွန်ပီး မသွားရဲတာက ပထမ ပြသနာပါ၊၊ ဖေဖေကလည်းရုံးကို အချိန်မီသွားဖို့အချိန်မှာ ကျွန်မကဖေဖေကို ဂျီကျမိတာကိုး၊ ဆရာမတွေက လည်း မနက်ဖက် ထမင်းချက်နေတဲ့အချိန်၊ အလုပ်ရှုပ်ဆုံးအချိန်မှာ ကျွန်မကရောက်သွားတော့ သူတို့်လည်း စိတ်တိုပီး ကျွန်မဖေဖေ ပါလာတာကို မသိပဲ ပြောမိတာနေမှာပါ၊၊ အဓိက တရားခံကတော့ သတိ ပါပဲ၊၊
တကယ်တော့ ကျွန်မဟာ ဖေဖေရိုက်တာတွေ အသေးစိတ်မှတ်မိနေပေမဲ့ မေမေရိုက်တာတွေကိုတော့ မမှတ်မိပါဖူး၊၊ များလွန်းလို့ပါ၊၊
ကျွန်မဟာ အိမ်မှာအကြီးဆုံးဖြစ်ပြီး၊ ခေါင်းအမာဆုံး ၊ မေမေ့ရဲ့ အရိုက်ကို အခံရဆုံးလူတယောက်ပါ၊၊ ကျွန်မမေမေက ဒေါသ အရမ်းကြီးတတ်ပါတယ်၊၊ ဒေါသထွက်ရင် ဘာမှရှင်းပြတာကို လက်မခံပဲ ရိုက်တတ် ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဘာပဲလုပ်လုပ် တစ်ခုခုမှားခဲ့ပြီဆိုရင် ကျွန်မက အကြီးအဆုံး အနေနှင့် တာဝန်မကျေဖူးဆိုပြီး အရိုက်ခံရတာက များပါတယ်၊၊ ကျွန်မကလည်း ကျွန်မမှန်တယ်လို့ ထင်ရင် ကျွန်မပြောချင်တဲ့၊ ရှင်းပြချင်တဲ့ စကားတွေ ကို ပြောလို့မပြီးမချင်း ၊ မေမေ့ အရိုက်ကို ခံပြီးပြောခဲ့ပါတယ်၊၊ မေမေက ကျွန်မရဲ့ ခေါင်းမာမှုတွေကိုချွတ်မယ်ဆိုပီးရိုက်လိုက်တာမေမေမောသွားပြီး လက်လျော့သွားပါတယ်၊၊ အဲလိုအချိန်တိုင်းမှာ ဖေဖေဟာ ကျွန်မနှင့်မေမေကြားမှာ အမြဲရပ်တည်ပေးခဲ့ပါတယ်၊၊ မေမေရိုက်တိုင်း ကျွန်မ ထွက်မပြေးရင်တောင် ဖေဖေက ရှေ့ကနေ အရိုက်ခံပေးခဲ့ပါတယ်၊၊ ကျွန်မက ရိုက်ရင်ငိုလေ့ငိုထ မရှိပါဖူး၊၊ အဘွားကပဲ ဖြစ်ဖြစ် ၊ ဖေဖေကပဲ ဖြစ်ဖြစ် လာပြီး သမီး ဘယ်နားနာသွားလဲ မေးမှ ငိုတတ်တာပါ၊၊ တကယ်လို့မှား မမေးခဲ့ရင် ကျွန်မဘယ်လောက်ကြာကြာ မျက်ရည်ကျလေ့မရှိပါဖူး၊။ ကျွန်မကိုမေမေရိုက်ပြီး တိုင်း ကျွန်မဟာ သူများရှာမတွေတဲ့ချောင်လေးတစ်ခုကို ရှာပြီးပုန်းနေတတ်ပါတယ်၊၊ ကျွန်မကို လိုက်ရှာမတွေ့တာကို ကြည့်ပြီး ကျွန်မပျော်နေတတ်ပါတယ်၊၊ အဲလိုနဲ့ ကျွန်မ အိပ်ပျော်သွားပြီး ဖေဖေလာချီတဲ့ အချိန်ထိ ကျွန်မစောင့်နေလေရှိပါတယ်၊၊ တကယ်တော့ ဖေဖေက ကျွန်မစိတ်ကို နားလည်စွာနှင့် ကျွန်မကို ဒီလိုအချိန်ချော့လိုမရဖူးဆိုတာ သိပြီး ကျွန်မ အိပ်မှ လာခေါ်တာ ကျွန်မခုမှပဲ နားလည်တော့တယ်၊၊ သြော် ကျွန်မတော်တော်ဆိုးခဲ့ပါလားလို့လေ၊၊ ကျွန်မငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားပြီးတော့ မေမေကို အပြစ်တင်တာတော့ မဟုတ်ပေမဲ့ မိဘနှင့် သားသမီးကြားမှာ နားလည်မှု ဆိုတာ အရမ်းအရေးကြီးတာကို နားလည်လိုက်ရပါတယ်၊၊ တကယ်လို့များ မေမေသာကျွန်မရှင်းပြတာကိုနားထောင်ပေးရင်၊ ကျွန်မလို ခေါင်းမာတတ်တဲ့ လူတယောက်ရဲ့စရိုက်ကို ဖေဖေလို နားလည်ပေးပြီး ဆက်ဆံပေးခဲ့ရင် ကျွန်မ ရဲ့ငယ်ဘ၀ မှာ စိတ်ဒဏ်ရာဒဏ်ချက်တွေ မရှိတော့ဖူးလို့ ကျွန်မယူဆမိပါတယ်၊၊ ကျွန်မဖက်ကလည်း မေမေကို နားလည်ပေးမှု တစ်ခု လည်းလိုမှာပါ၊၊ ကျွန်မဖေဖေက အစိုးရ၀န်ထမ်းအရာရှိတစ်ဦးဖြစ်ပေမဲ့ ဖေဖေ လစာမလောက်လို့ မေမေကနေတိုင်းဈေးရောင်းပီး တဖက်တလမ်းကနေ အိမ်စာရိတ်ကို ရှာပေးရတာပါ၊၊ ကျွန်မကတော့ ကလေးပီပီ မေမေ မိသားစု အတွက် ဘယ်လောက်ထိ ပင်းပန်းမယ်ဆိုတာကို တခါမှ မစဉ်းစားပေးခဲ့ပါဖူး၊၊ မေမေအရမ်းမောပြီး၊အရမ်းပင်ပန်းနေခဲ့တဲ့အချိန်မှာ၊ကျွန်မကပြန်ပြောမိတော့၊မေမေစိတ်ကို နားမလည် ပေးခဲ့တာကို ခုအချိန်မှာ ပြန်စဉ်းစားပြီး အရမ်းနောင်တ ရမိပါတယ်၊၊
မေမေကျွန်မကို အကြီးအကျယ်ရိုက်ခဲ့တာ ကျွန်မ (၅)တန်းတုန်းကပါ၊၊ ကျွန်မတို့မိသားစုမှ ကျွန်မတို့ မောင်နှစ်မ လေးယောက်ရယ်၊ အဘွားရယ်၊ ဖေဖေ ၊မေမေ အားလုံး (၇)ယောက်ပါ၊၊ ကျွန်မတို့အိမ်က လေယဉ်ကွင်းနှင့်နီးပါတယ်၊၊လေဆိပ်အလွန်မှာတောတွေရှိပါတယ်၊၊အဲဒီတောထဲမှာ ရွာလေးတစ်ရွာရှိပါတယ်၊၊ အိမ်တအိမ်နှင့်တစ်အိမ်မမြင်ရပါဖူး၊၊ ခြုံတွေနှင့် အုံ့ဆိုင်းနေတာပါ၊၊ အဲဒီရွာမှာ မေမေ့ဆိုင်ရှေ့မှာပန်းပင် လာရောင်းတဲ့ မိသားစုတွေနေပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ တစ်ခါတော့ အလည်ခေါ်သွားလို့ ရောက်ဖူးပါတယ်၊၊ ယာထဲမှာ သခွါးသီး၊ မရမ်းပင်၊ ဘဲငန်းတွေ အခြားအသီးအနှံတွေ အများကြီးလဲရှိပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ အဲဒီနေရာရောက်ရင် အရမ်းပျော်ပါတယ်၊၊
အဲဒီအချိန်က မောင်လေး အငယ်ဆုံးက လမ်းလျှောက်တတ်ခါစပါ၊၊ ရုံးပိတ်ရက်၊ ဈေးပိတ်ရက် ဖြစ်တော့ မေမေက ကလေးထိန်းရင်း ဆော့နေပါလို့ ပြောပါတယ်၊၊ သူကတော့ အိမ်အလုပ်တွေလုပ်နေတာပဲ၊၊ ကျွန်မတို့တွေ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ အိမ်နှင့်တော်တော်ဝေးလာပါတယ်၊၊ လေယဉ်ကွင်းနှင့်လဲ နီးလာပါတယ်၊၊ ကျွန်မညီမအကြီးနှင့်မောင်လေး အကြီးက တောထဲကမိသားစုဆီရောက်အောင် သွားကြစို့လို့ ကျွန်မကိုပြောပါတယ်၊၊ ကျွန်မလည်း မေမေ ရိုက်မယ်လို့ ပြောပီးငြင်းပါတယ်၊၊ ဒါပေမဲ့ သူတို့ (၂)ခါမပြောရပါဖူး၊၊ ကျွန်မကိုယ်တိုင်ကလည်း သွားချင်နေတော့ သွားကြစို့လို့ပြောပီး လူမရှိတဲ့တောတဲ့ ရောက်အောင်သွားကြပါတယ်၊၊ လမ်းမှာ လူတောင်မတွေ့ပါဖူး၊၊ ကျွန်မတို့ မောင်နှစ်မတွေ ရောက်သွားတော့ ဟိုအိမ်ကလူတွေ အံ့သြသွားပြီး ကျွန်မတို့ကို ထမင်းကျွေးပီး ပြန်လိုက်ပို့ပေး မယ်လို့ ပြောပါတယ်၊၊ သူတို့တွေ ဘဲငန်းဥတွေကြော်ပြီး ထမင်းခူးနေတဲ့အချိန်မှာ မေမေဆိုင်ကယ်နှင့် ရောက်လာပါတယ်။ ကျွန်မတို့တွေ ပျောက်လို့ မြိတ်မြို့  တမြို့လုံး အော်ပီး ရှာပီးပီလို့ ပြောပါတယ်၊၊ နောက်မှ စဉ်းစားမိလို့ ဒီကိုရောက်လာတာလို့ပြောပြီး ကျွန်မတို့ မောင်နှစ်မလေးယောက်လုံးကို အိမ်ကို ပြန်ခေါ်လာပါတယ်၊၊ အိမ်ရောက်တော့ မေမေက ကျွန်မကိုတိုင်မှာ ကြိုးတုတ်ပီးရိုက်ပါတယ်၊၊ အိမ်ဘေးနားက အဘွားကြီးတယောက်ကလဲပြောပါတယ်၊၊ အကြီးဆုံးအသုံးမကျတာ အကြီးကိုပဲရိုက်တဲ့၊၊ ကျွန်မ အဲဒီ အဘွားကြီးကိုအရမ်းမုန်းခဲ့ပါတယ်၊၊မေမေကိုလည်းစိတ်နာပါတယ်၊၊သွားတာ(၄)ယောက်ကိုကျွန်မကိုပဲရိုက်လို့လေ၊၊၊
ပီးတော့ အကြီးဆုံး၊ နင့်မှာ တာဝန်အရှိဆုံးဆိုတဲ့စကားကြီးကိုလည်း မုန်းမိပါတယ်၊၊ ခုမှသိရတာကတော့ အဲဒီတောထဲမှာ လူတွေသတ်ပီးထားနေကြလို့ ပြောပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေက ကလေးတွေပီပီ ဘာမှ မစဥ်းစားမိပဲ သွားခဲ့ကြတာကိုး၊၊ မေမေလည်း စိတ်ပူလွန်းလို့ ရိုက်မိတာနေမှာပါ၊၊
ဒါပေမဲ့ လူကြီးတွေက အဲဒီအချိန်က ရိုက်ပီး ဆုံးမမှ လိမ်မာမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားကြတာကို ကျွန်မလက်မခံနိုင်လွန်းလို့ မေမေရိုက်တိုင်း ထွက်မပြေးပဲ ရပ်နေခဲ့ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဆို မေမေရိုက်ရင် အိမ်ကို ပတ်ပြေးလွန်းလို့ ကြာလာတော့ မေမေလိုက်ရင်းနှင့် မောပီး၊ မလိုက်နိုင်တော့လို့ အရိုက်မခံရတတ်ပါဖူး၊၊နောက်ဆုံး မေမေက သူနှင့် ကလေးတွေ စိန်ပြေးတမ်း ကစားသလို ဖြစ်နေတယ်ဆိုပီး မရိုက်တတ်ပါဖူး၊၊ ခေါင်းမာလွန်းတဲ့ ကျွန်မကတော့ မေမေရိုက်တော့မယ်ဆိုရင် ရိုက်ပါမေမေ၊၊ မေမေမွေးထားတာပဲလို့ စကားနာ ထိုးပြီး လက်ပိုက်ရပ်နေလေ့ရှိပါတယ်၊။ ကဲ ကျွန်မလို မဆိုးကြနဲ့နော်၊၊ တကယ်လိုများ၊မိဘဆိုတဲ့နေရာရောက်လာခဲ့ရင်။ကိုယ်သမီးရဲ့စိတ်ကိုလေ့လာပြီးမှ ထိန်းကြောင်းပေးနိုင်မယ် ဆိုရင်တော့ကျွန်မလို၈ျစ်ကန်ကန်နှင့်ခေါင်းမာတတ်တဲ့၊လုပ်ချင်ရာလုပ်တတ်တဲ့၊ကလေးတယောက်လျော့သွား မယ် လို့ ယူဆမိပါရဲ့၊၊ ကျွန်မကြားဖူးတာကတော့ သားသမီးဆိုတာ၊ ပန်းပုထုသလိုပဲတဲ့၊၊ မိဘ ပုံသွင်းနိုင်ရင် သွင်းနိုင်သလိုပဲတဲ့၊ တစ်နေ့ကြရင် ကျွန်မဟာမိဘဆိုတဲ့နေရာတစ်ခုကိုေ၇ာက်ရင်ရော၊၊ ကျွန်မလုပ်နိုင် ပါ့မလား၊၊ ကျွန်မနှင် ထပ်တူတဲ့ သမီးမျိုး ကျွန်မမွေးလာခဲ့ရင် ကျွန်မ ဘယ်လိုခံစားရမလဲ၊၊ ကျွန်မလို့မျိုး မခံစားရအောင် ကျွန်မလုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်မိပါ၇ဲ့၊၊ ဘာလို့လဲဆိုတော့ လူ့ဘ၀ဆိုတာ အရမ်း ရှုပ်ထွေးပြီး ကြမ်းတမ်းတယ်လို့ ကျွန်မခံစားနေမိလို့ပါပဲ၊၊
အားလုံးပဲ သာယာ အေးချမ်းတဲ့ မိသားစုဘ၀လေးကို တည်ထောင်နိုင်ကြပါစေ၊၊