Tuesday 23 January 2007

ဒုက္ခ ညီမျှခြင်း ဆင်းရဲခြင်း ???

လူဖြစ်ရတဲ့ ဒုက္ခ လို့ပဲအော်လိုက်ရင်ကောင်းမလား???
တနေ့တနေ့ ကျွန်မတို့တွေ့နေရတဲ့ ဒုက္ခတွေက လည်းအများသားလေ၊၊
ကျွန်မအဲလိုသာ ၊အရာရာကို၊ဒုက္ခလို့ သိသိနေမယ်ဆိုရင်တော့၊ကျွန်မတရားရနေပီလို့ ပဲပြောရမလား၊၊
ဟာဟ၊၊

ကျွန်မရဲ့ တစ်နေ့တာ ဒုက္ခ လေးကို မျှဝေချင်လို့ပါ၊၊
မနက်မိုးလင်းလို့ အိပ်ယာက နိုးကထဲက စားဖို့အတွက်ချက်ရတယ်၊၊ ရုံးချိန်အမီ ဈေးပြေးရတယ်၊၊ဈေးရောက်တော့လဲ ပါလာတဲ့ တစ်နေတာငွေနှင့် ဈေးနှုန်းတွေက တက်တော့ လျှော့ဝယ်ရတယ်၊၊ လျှော့စားရတယ်၊၊ ကြာရင်တော့ လူသေးသေးလေးတွေ ဖြစ်ကုန်တော့မှာပဲလို့ ကျွန်မစဉ်းစားမိသေးတယ်၊၊ သူများနိုင်ငံက လူတွေဘာလို့ ထွားကြိုင်းနေကြပါလိမ့်၊၊ အသားစားများလို့လား၊၊ ???၊၊ ဒီမှာတော့ အသားဈေးကလည်းကြီး၊ ငါးဈေးကလည်းကြီး၊၊ ပုဇွန် တောင် နိုင်ငံခြားပို့ပြီး ကျန်တဲ့ အကောင်အသေးလေးတွေပဲ စားရပါတယ်၊၊ ဒါတောင်ဈေးက အရမ်းကြီးပါတယ်၊၊ ဒါတွေပြောမနေတော့ပါဖူး၊၊
ကျွန်မ ဒီနေ့ ပြောချင်တာကတော့ ဘတ်စကားစီးရတဲ့ ဒုက္ခပါ၊
ကျွန်မ မနက်မနက်ဆို ဘတ်စကားမှတ်တိုင်ကို ၈နာရီလောက်အရောက်သွားရတယ်၊။ ရုံးနှင့် အိမ်က အမှန်တကယ်မောင်းမယ်ဆိုရင် ကားသာမစောင့်ရရင် (၁၅)မိနစ်နှင့် ရောက်တဲ့ခရီးပါ၊။ ဘတ်စကားကို မှတ်တိုင်မှာ စောင့်ရတဲ့အချိန်ရယ်၊တခါတလေ လူမပါလို့ဆိုပြီး မှတ်တိုင်တစ်ခုစီမှာ အကြာကြီးလူမလာမချင်းစောင့်တဲ့အချိန်တွေကို တွက်ပြီးသွားရတာပါ၊။ အမှန်တော့ ရုံးက (၉)နာရီ အရောက်သွားရင်ရပါတယ်၊၊ မှတ်တိုင်ရောက်တော့ ကိုယ်စီးမဲ့ကားက နာရီဝက်မှ တစ်စီးလာတတ်တာမို့လို့ စောင့်ရပြန်တယ်၊၊ ကားရပြန်တော့ လူတွေက များလွန်းလို့ အသက်ရှုကျပ်နေအောင်ပဲ စီးရပါတယ်၊၊ တော်ရုံ ကျန်းမာရေးမကောင်းတဲ့လူဆို ဘတ်စကား စီးလို့မရနိုင်ပါဖူး၊၊ဒီကြားထဲ ခါးပိုက်နှိုက် ရန်ကလည်းကြောက်ရပါသေးတယ်၊။ လူတွေလည်း ကုန်ဈေးနှုန်းက ကြီး ၀င်ငွေ၊ထွက်ငွေတွေ မမျှလို့ အကျင့်စာရိတ္တတွေလည်း မထိမ်းနိုင်ကြတော့ပါဖူး၊၊ မနက်ကလည်း ဘတ်စကားပေါ်မှာ အမကြီးတစ်ယောက် အသက်ရှူကျပ်ပြီး မေ့လဲသွားလို့ ဘတ်စကားကို မဟာမြိုင်ဆေးခန်းမှာ ရပ်ပြီးပို့ခဲ့ရပါသေးတယ်၊၊ ရုံးချိန်မမိလို့ တက္ကစီ ငှားစီးမယ်ဆိုပြန်ရင်လည်း ဓါတ်ဆီဈေးတွေက ကြီးတော့ တက္ကစီခတွေလည်း ကြီးလို့ တော်ရုံ သူဠေးတောင် ဘတ်စကားစီးနေတာက တွေ့နေရပါတယ်၊။ ကျွန်မတို့လို့ ၀န်ထမ်းတွေက ပိုဆိုးတာပေါ့၊၊ တစ်ခါတစ်လေ မြန်ချင်လို့ လူသိပ်မပါတဲ့ ကြားကားစီးရင် ကားခက (၂)ဆ ပိုပေးရပါတယ်၊၊ မှတ်တိုင်ကနေ့ ရုံးကို ဆိုက်ကားထပ်စီးရတော့ တက္ကစီခရဲ့ တ၀က်လောက်တော့ ကုန်တာပေါ့၊၊ ဒါတောင် ရုံးချိန်မမိလို့ လစာကပါ ထပ်ဖြတ်ပြန်တော့ ပိုဆိုးရော၊။ လစာတွေက မတိုး၊ ကုန်ဈေးနှုန်းတွေက တက် လူတွေလည်း ချွေတာရတာနှင့် ကြာရင် လူပုံရောပေါက်ပါအုံး မလားလို့ တောင် ကျွန်မ ခဏခဏ စဉ်းစားမိ ပါသေး တယ်၊၊ ခုနောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံ ကလူတွေ ဘတ်စကားစီးတဲ့လူဦးရေပိုများလာတာကို တွေ့နေရပါတယ်၊၊ လောင်စာဆီတွေက ဈေးကြီးတော့ တော်ရုံကိစ္စဆို ဘတ်စကားပဲစီးနေကြတယ်ထင်ပါရဲ့၊၊ မှတ်တိုင်မှာ လူတွေကပုံ၊ ဘတ်စကားတွေက မလာ၊လာတော့လဲ ၀ိုင်းတိုးပီးတက်ရတယ်၊စီးရတယ်၊၊ ကြာရင် မိန်းကလေးတွေ ထမိန်ဝတ်ပြီးတက်ဖို့တော့ မလွယ်တော့ပါဖူး၊၊ ဒါလဲ၊ ဒုက္ခတခုပါပဲ၊၊
ဘတ်စကားတွေဘယ်ရောက်ကုန်ပါလိမ့်၊၊
စပယ်ယာ တစ်ယောက်ပြောပြတာကတော့ ခုနောက်ပိုင်း ဘတ်စကားတွေကို တိုးချဲ့ပေးပေမဲ့ ၊ ဘတ်စကားအားလုံးဟာ ဆီဆိုင်မှာ တန်းစီနေရတော့ ဆီရှိတဲ့ကားတွေပဲ ကားမောင်းထွက်လို့ရလို့ ကားအစီးရေနည်းနေတာလို့ပြောပါတယ်၊၊ သူတို့လဲ ဆီ(ဓါတ်ငွေ့) ထုတ်တဲ့နေ့ဆို တစ်ညလုံးမအိပ်ရပါဖူးတဲ့ ကြာရင် စပယ်ယာတွေလည်း ဒေါင်းတော့မယ်တဲ့၊၊ ခရီးသည်တွေ မနက်မနက် လိုရာခရီးသွားဖို့ ဒီလိုမျိုးတွေနှင့် ကြုံပါများတော့ သူတို့လည်း သူ့မကယ်နိုင်၊ကိုယ်မကယ်နိုင်ဖြစ်နေကြပါရော့လား၊၊တိုးတက်နေတဲ့ခောတ်ကြီးမှာ ကျွန်မတို့ကတော့ တနေ့တနေ့ ဘတ်စကားပဲ တိုးတက်နေ ရပါလားလို့ စဉ်းစားမိလို့ပါ၊၊
ကဲ ဘာဆက်လုပ်ကြမလဲ၊၊???
ဒုက္ခ…..ဒုက္ခ…..ဒုက္ခ……လို့ပဲအော်နေရတော့မလား၊၊
ဒုက္ခကိုသိတိုင်း တရားရနိုင်မယ်ဆိုရင် ကျွန်မတို့ဆီကို လာလည်ကြပါလို့ တရားရှာ လိုသူများကို ဖိတ်ခေါ်ချင်စိတ်ပေါ်လာမိပါတယ်ရှင်၊၊

Wednesday 17 January 2007

မွန်ငါးနှပ်ဟင်း

ကျွန်မသူငယ်ချင်းအိရဲ့မွေးရပ်မြေကျိုက္ကမီမြို့ကို၊အလည်လိုက်သွားတုန်းကအိမေမေချက် ကျွေးခဲ့တဲ့ဟင်းလေးပါ၊၊ကျွန်မကချဉ်၊ငံ၊စပ်ကြိုက်တတ်လို့ချက်နည်းမေးထားတာပါ၊၊ ငါးနှပ်ဆိုတာအာပြဲခြောက်လုပ်တဲ့ ငါးပါ၊၊
ငါးအဆိုဆိုရင်၊အရမ်းနှူးညံ့လို့၊အကြာကြီးချက်စရာမလိုပါဖူး၊၊ ပထမဆုံးငါးကိုရေဆေးပြီး၊အိုးသန့်သန့်မှာ၊ထည့်ရပါမယ်၊။ဆီနဲနဲပဲထည့်ပါ၊၊ ငါးကို၊ဆား၊ဆနွင်းနှင့်အချိုမှုန့်၊ငါးပိနှယ်ပါ၊၊ငရုတ်သီး(ကုလားအော်သီး)ကို၊ကိုယ်စားနိုင် သလောက်ထည့်ပါ၊၊ကြက်သွန်ဖြူ၊နီ၊စပါးလင်ထောင်းပြီး၊ထည့်ပါ၊၊ရေကို၊ ငါးမြုပ်ရုံလေးပဲထည့်ပါ၊။မရမ်းပြားကိုသင့်တော်ရုံထည့်ပါ၊၊ (၁၀)မိနစ်လောက်ကြာလို့၊ပွက်လာရင် ရှမ်းနံနံပင် နည်းနည်း ထည့်ပါ၊၊ စားလို့ရပါပြီ၊၊

မှတ်ချက်၊၊ငါးနှပ်ကနှူးညံလို့ရေနဲနဲပဲထည့်တာပါ၊၊ ငါးအစား ကြက်သားတို့၊ တခြားအသားတွေကိုလည်း ချက်စားနိုင်တယ်လို့ အိမေမေကပြောပါတယ်၊၊

Thursday 11 January 2007

မိတ်ဆွေ..သင်ရောသေတတ်သလား၊၊

လူရယ်လို့ ဖြစ်လာရင် မွေးခြင်းနှင့် သေခြင်း(၂)မျိုးပဲရှိတယ်လို့ဆိုပါတယ်၊၊ငိုခြင်းနှင့်စပြီး ငိုခြင်းနှင့်ပဲဆုံးတယ်လို့ ပြောကြပါတယ်၊၊ ကျွန်မစဉ်းစားမိပါသေးတယ်၊၊ ဒါဆို လူ့ဘ၀ကြီးဟာ ပျော်စရာလည်း မကောင်းပါလား လို့လေ၊၊ ပျော်စရာ အစစ်အမှန်ဆိုတာ ဘာလဲ ကျွန်မတို့ မသိတာလည်းဖြစ်နိုင်ပါတယ်၊၊
ကျွန်မငယ်ငယ်ကပေါ့ “သေတယ်”ဆိုတာကြီးကို သိချင်လို့ ညဖက်အိပ်ခါနီးမှာ သေကြည့်လေ့ ရှိပါတယ်၊၊ ကျွန်မအဘွားက ပြောဖူးတယ်၊၊ သေတယ်ဆိုတာ အသက်မရှူတော့တာတဲ့၊၊ ဒါကြောင့်ညဖက် လူတွေအိပ်တဲ့ အချိန်မှာ မအိပ်ပဲ ၊ အသက်မရှူပဲနေကြည့်ပါတယ်၊၊ ပြီးတော့ ကျွန်မဘယ်လိုခံစားနေရလဲဆိုပြီး ပြန်ကြည့်နေတာပါ၊၊ ကျွန်မဟာ အဲဒီအချိန်မှာ ဘယ်လိုခံစား ရတယ် ဆိုတာ ပြောပြလို့ မတတ်ပါဖူး၊၊ ကျွန်မဟာ လေဟာနယ်ထဲရောက်နေသလိုလို လွင့်မြောနေသလိုပါပဲ၊၊ ညတိုင်း အဲလို ကစားမိပါတယ်၊၊ နောက်တော့ အဲဒီကစားနည်းကို ကြိုက်လာသလိုပါပဲ၊၊
ခုကြီးလာတဲ့အချိန်မှာ အဲလိုမလုပ်ကြည့်မိတော့ပါဖူး၊၊ကျွန်မတို့တွေ ခုမနက်မိုးလင်းတာနဲ့ စားဖို့ ထမင်းချက် ရတယ်၊ ဈေးသွားရတယ်၊၊သေခြင်းတရားဆိုတာကြီးကို လွန်ဆန်နိုင်ဖို့ အာဟာရ ဖြည့်တင်းဖို့ကလည်း လိုအပ်သေး တာကိုး၊၊၀တ်ဖို့ အ၀တ်အစားတွေ လျှော်ရမယ်၊ မီးပူတိုက်ရမယ်၊၊စားနိုင်ဖို့ ၊ ၀တ်နိုင်ဖို့ ကျွန်မတို့ အလုပ်လုပ်ရအုံးမယ်၊၊ ဒီလိုနှင့်ပဲ ကျွန်မတို့ အားလုံးဟာ မသေခင်အထိ ဘ၀သံသရာထဲမှာ လည်ပတ် နေအုံးမှာပါ၊၊ ဒါတွေအားလုံးဟာ ဒုက္ခတွေချည်းပဲလို့ ကျွန်မ ခံစားမိပါတယ်၊၊ ဒါပေမဲ့ ပုထုဇဉ် ဆိုတော့ သိသိချည်းနဲ့ မေ့နေမိတာပါပဲ၊၊ တစ်ခါတစ်လေစဉ်းစားမိပါတယ်၊၊ ခုနေများ ကျွန်မသာသေသွားခဲ့ရင် ဘာတွေဖြစ်မလဲ၊၊ သေခြင်းတရားဆိုတာကြီးကို ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပီလား၊၊ ကျွန်မ သေခါနီး လူတွေရဲ့ စိတ်ကို အရမ်းသိချင်ပါတယ်၊၊ သေခါနီးမှာ သူတို့ ဘယ်လိုခံစားသွားရလဲ၊၊ ကျွန်မကြားဖူးတာကတော့ လူတွေဟာ သေခါနီးအချိန်မှာ တော်တော်လေး ခံစားပီးမှ သေတတ်ကြတယ် လို့ ကြားဖူးပါတယ်၊၊ ကျွန်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်ဖူး ပါတယ်၊၊သူက သေခါးနီးမှာ ဘာရောဂါမှ မခံစားရပဲ သေချင်တယ်လို့ပြောပါတယ်၊၊ကိုယ်ကို ပြုစုရမယ့်လူတွေကို အားနာလို့ပါတဲ့၊၊ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ခုနေငါသေသွားရင် သေလို့ရတယ်တဲ့၊၊ ငါ့ကိုယ်ငါ မကောင်းတာမလုပ်ဖူးလို့ ခံယူထားလို့ပါတဲ့၊၊ ကိုယ်ခံယူချက်နှင့် ကိုယ်ကတော့ မှန်နေကြတာပါပဲလေ၊၊ ကျွန်မဆရာတစ်ယောက်ကတော့ ပြောတယ်၊။ သေခါနီးမှာ အေ၇းကြီးဆုံးကတော့ သတိ ပဲတဲ့၊၊ သတိသာရှိမယ်ဆိုရင် ဘ၀ကူးကောင်းတယ်တဲ့၊၊ ဗုဒ္ဓဘာသာအယူအဆနှင့် ပြောရမယ်ဆိုရင်တော့ တရားမှတ်နေတာအကောင်းဆုံးပဲတဲ့၊၊ သေမှန်းတောင်မသိလိုက်ရဖူးတဲ့၊၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာတစ်ခုကို ရှုပြီးနေလိုက်ရင် လက်ရှိခံစားနေရတဲ့ ဝေဒနာကို ကျော်လွှားနိုင်ပါတယ်တဲ့၊၊

သေခါနီးမှာ ထားရမယ့်စိတ်နှင့်ပတ်သက်ပြီး ကျွန်မဖတ်ဖူးတာကတော့
(၁)ဒေါသနှင့်သေ- ငရဲပြည်
(၂)မောဟနှင့်သေ-တိရစ္ဆာန်ပြည်
(၃)လောဘနှင့်သေ-ပြိတ္တာပြည် လို့ သိရပါတယ်၊၊

နောက် ကျွန်မ အကိုကြီးတစ်ယောက်ကို သေခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုစဉ်းစာထားလဲ ဆိုတာ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊၊

ကျွန်မ၊း ကိုလူလှရေ၊ သေခြင်းနှင့် ပတ်သက်ပြီးစဉ်းစားဖူးလား၊၊
ကိုလူလှး ဘုရားစကားမြေ၀ယ်မကျနားထောင်တဲလူအတွက်တော့ ဒါတွေဟာမဆန်းပါဖူး၊ အို၊နာ၊သေ ကိုနေ့တိုင်းဆင်ခြင်နေပါတယ်၊၊လူဟာမွေးခြင်းကနေစပြီး ရှင်သန်မှုအတွက် ရုန်းကန်လိုက်ရတာ နာခြင်းအမျိုးမျိုးကြုံရ၊နောက်ပြီးသဘာဝ တရားအရ အိုခြင်းကလည်း အဆက်မပြတ်၊နောက်ဆုံးတော့ သေခြင်းပဲလေ၊၊
ကျွန်မ၊း ကိုလူလှရေ၊ ကျွန်မသိချင်တာက ကိုယ်သာသေခြင်းတရားနှင့် ရင်ဆိုင်ရတော့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ၊၊ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာပေါ့၊၊
ကိုလူလှး ဒါကတော့၊ငါလူတိုင်းကို အမြဲမေးမိတဲ့စကားတွေပါ၊၊လူတိုင်းကို ငါမေးမိတာကတော့ “သေတတ်သလား” ဆိုတဲ့မေးခွန်းပါ၊၊သဘောပေါက်တယ်မလား၊ သေတာအမျိုးမျိုးရှိတယ်လေ၊အသိစိတ်ကမသိလိုက်တဲ့သေခြင်းနှင့်သိစိတ်ကသိလိုက်တဲ့ သေခြင်း၊

ကျွန်မ၊း ဟုတ်ကဲ့၊၊
ကိုလူလှး သိစိတ်ကမသိလိုက်တဲ့သေခြင်းက ဘာမှစဉ်းစားစရာမလိုပါဖူး၊၊ဥပမာ တိုက်ပွဲတစ်ခုမှာ သေနတ်မှန်ပြီး ပွဲခြင်းပီးသေသွားတာမျိုးပေါ့၊၊အစိမ်းသေပေါ့၊၊ဒါပေမဲ့ သိစိတ်နှင့် သေခြင်းက ပိုများတယ်လေ၊၊ ဆက်ဒမ်ဟူစိန်လိုမျိုးပေါ့၊၊
ကျွန်မ၊း ဟုတ်ကဲ့၊၊သေမှာကိုသိရက်နဲ့ သေတဲ့ဆက်ဒမ်၊သေခါနီးဘာတွေခံစားရပါလိမ့်၊
ကိုလူလှး သူ့မျက်နှာကို ဖတ်ကြည့်လေ၊အေးဆေးပဲ၊၊သေရမယ့်ဟာကိုသိနေတဲ့ လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ ဆင်ခြင်တဲ့စိတ်က စကားပြောတယ်လေ၊၊ဥပမာ ဒေါသနှင့်သေရင် ပြသနာရှိတယ်၊၊တစ်ချိုက မသေချင်ဖူး၊ သေရမယ်ဆိုတာလဲသိတယ်၊၊ အဲဒါက လူမိုက်၊၊အဆိုးဆုံးသေခြင်းတစ်ခုပဲလေ၊၊ တကယ်တော့ သေရမယ်ဆိုတာ သိလိုက်ရင်၊သေလိုက်ပေါ့၊ဒါသဘာဝပဲလေ၊၊ အဲဒီသေမဲ့ အချိန်အတွင်းမှာ စိတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ထားပေါ့၊၊ ဥပမာ ဘုရားဟောထားတဲ့ တရားထိုင်ခြင်းနှင့် ဆက်နွယ်သွားတယ်။စိတ်ကို အကောင်းဆုံးလုပ်ခြင်းကတော့ ညီမလည်းသိမှာပေါ့၊ဆက်ရန်..

ကျွန်မ၊း ဟုတ်ကဲ့၊၊ခုပြောပါ၊၊
ကိုလူလှး နောက်တစ်နေ့လေ၊၊
ကျွန်မ၊း နောက်နေ့ဆိုတာ မရှိတော့ရင် ဘယ်လိုလုပ်မလဲ၊၊
ကိုလူလှး သေခြင်းနှင့်မရှိတာလား၊မသေခြင်းနှင့်ရှိတာလား၊၊ဒါဆိုလဲ သေခြင်းနှင့်ရှိရင်လဲ ဘ၀တစ်ခု ပြတ်သွားတာပေါ့၊၊ဘုရားစာအုပ်တွေဖတ်ပေါ့၊ ဇာတိအစ မရဏအဆုံးလို့ရေးထားတယ်၊၊နင်ဖတ်ပြီးရင် ရေးပေါ့၊ ငါလည်း အလုပ်ရှိလို့၊၊ နောက်နေ့ဆက်ကြတာပေါ့၊၊

မှတ်ချက်၊၊ ၊၊ ကျွန်မတို့တွေ စာတွေအရမ်းဖတ်ပြီး နားလည်နေလို့ ဆွေးနွေးခဲ့ကြတာမဟုတ်ပါဖူး၊၊ သိထားတဲ့ အသိလေးတွေဖလှယ်ကြတာပါ၊၊ မှားရင်လဲ ပြင်ပေးကြပါလို့ တောင်းပန်ပါတယ်ရှင့်၊၊

Tuesday 9 January 2007

အလှူ နို့ခေါက်ဆွဲချက်နည်း(သို့) အုန်းနို့ခေါက်ဆွဲ

ကျွန်မတို့ရပ်ကွက်အလှူမှာ ခုနောက်ပိုင်း မုန့်ဟင်းခါးထက် နို့ခေါက်ဆွဲကို ချက်တာပိုများပါတယ်၊၊ နို့ခေါက်ဆွဲကတော့ အရင်က ကျွန်မတို့ချက်နေကြ အုန်းနို့ခေါက်ဆွဲနေရာ မှာ အစားထိုးလာတဲ့ အစားအစာတစ်ခုပါ၊၊ အုန်းသီးနှင့် မတည့်လို့ မစားရတဲ့လူတွေစားလို့ရပါတယ်၊၊ အရသာက လည်း တူတူပါပဲ၊၊ အရင် အုန်းသီးနေရာမှာ နို့စိမ်းဗူးလေး ဖောက်ထည့်ပြီး ချက်ယုံပါပဲ၊၊ အုန်းသီးရှားတဲ့နေရာတွေ အတွက်လည်း အဆင်ပြေပါတယ်၊၊အုန်းသီးနှင့်ချက်မယ်ဆိုရင်တော့ အုန်းသီးကို ခြစ်ရမယ်၊၊အရေညစ်ရမယ်၊၊ပြီးရင် အုန်းရည်ကျိုရမယ်ပေါ့၊၊ နို့ခေါက်ဆွဲကတော့ အဲဒီအချိန်တွေ မလိုတော့ပါဖူး၊၊ နို့ခေါက်ဆွဲအချိန်(၁၀)ကိုထည့်မယ့်အသားကတော့ ကြက်သားနှင့်ချက်မယ်ဆိုရင် (၃)ပိသာထည့်ရပါမယ်၊၊ ငါးဖယ်ပါ ထည့်ချင်တယ်ဆိုရင်တော့ ကြက်သား (၁)ပိသာ(၅၀)သား၊ ငါးဖယ်က (၁)ပိသာ(၅၀)သား၊ ထည့်ရပါမယ်၊၊ နောက် ပဲမှုန့် အစိမ်း (၁)ပိသာကို ရေဖျော်ထည့်ရပါမယ်၊၊ ပဲရည်ဖျော်တဲ့အခါ ပဲမှုန်ဟာ ကျေညှက်နေရပါမယ်၊၊လုံးဝ အခဲမကျန်ရပါဖူး၊၊ပဲသွေးထည့်ချင်ရင် ကြိုက်သလောက်ထည့်လို့ရပါတယ်၊၊ နောက်ဘဲဥ(၃၀)လုံးလောက် ပြုတ်ထားရပါမယ်၊၊ပြုတ်ပီးရင်တော့ ပါးပါးလှီးထားရပါမယ်၊၊ ကြက်သွန်ဖြူ၊၈ျင်းတို့ ကိုလှီးပြီး ထောင်းထားရပါမယ်၊၊ငါးဖယ်ခြစ်ပြီးသားကို ဆား၊ငံပြာရည်တို့နှင့် ထောင်းထားရပါမယ်၊၊ နို့စိမ်းဗူး(၁၀)ဗူးလောက်လိုပါတယ်၊၊
ပထမဆုံးကြက်သားကို ဆား၊ ဆနွင်း၊ ငံပြာရည်ထည့်ပြီး၊ ပြုတ်ရပါမယ်၊၊ကြက်သားပွက်ပွက်ဆူရင် ငါးဖယ် ထောင်းပီးသားတွေကို ထည့်ပြီး ပြုတ်ရပါမယ်၊၊ကျက်ရင် ငါးဖယ်ကိုလှီးထား၇ပါမယ်၊၊ ကြက်သားကို အသားနွာထားရပါမယ်၊၊ ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ၊၈ျင်းတို့ကို ဆီသတ်ပါ၊၊နီလာလျှင် ငရုတ်သီးအရောင်တင် အမှုန့်ထည့်ပါ၊။ ပြီးလျှင် ကြက်သားနှင့်ငါးဖယ်လှီးပြီးသားတွေ ထည့်ပြီး ဆီသတ်ပါ၊၊ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဟင်းရည်ချက်ဖို့ အိုးကြီးကြီးထဲမှာ ရေနွေးဆူအောင်စတည်ရပါမယ်၊၊ ရေနွေးဆူတာနှင့် ကြက်ပြုတ်ရည်ထည့်ပါမယ်၊၊ ပဲရည်ဖျော်ထားတာထည့်ပါမယ်၊၊ အိုးမကပ်အောင် တောက်လျှောက်မွှေပေးရပါမယ်၊၊ ပဲရည်ပွက်လာရင် နို့စိမ်းဗူးတွေ ထည့်ရပါမယ်၊၊
နို့စိမ်းဗူး(၁၀)လုံးများမယ်ထင်ရင် အီတာမကြိုက်ဖူးဆိုရင် လျော့ထည့်လို့ရပါတယ်၊။ ကြက်သွန်ဥ အခွန်နွာထားတာတွေ ထည့်လို့ရပါပြီ၊၊ နောက်ဆုံးမှ ကြက်သားဆီသတ်ထားတာ၊ ဘဲဥရယ်၊ပဲသွေးတို့ကို ထည့်ရပါမယ်၊၊ဆား၊ သကြား၊ အချိုမှုန့်တို့ကို သင့်တော်သလို မြည်းပြီးထည့်ရပါမယ်၊၊
ခေါက်ဆွဲနှင့် ရောစားဖို့ ကြက်သွန်နီ အစိမ်းကို ပါးပါးလှီးထားရပါမယ်၊၊မုန့်ကြွပ်ကြော်ထားရပါမယ်၊၊
အီနေရင်စားဖို့ရှောက်သီးစိတ်လေးတွေလည်းပြင်ဆင်ထားဖို့ ကျန်ပါသေးတယ်၊၊အစပ်စားချင်ရင်တော့ ငရုတ်သီးမှုန့်လေးဆောင်ထားဖို့လိုပါတယ်၊၊ ကဲ ခုအားလုံး ပြင်ဆင်ပြီး သွားပြီ ဖြစ်လို့ ပန်းကန်လုံးလေးထဲကို ခေါက်ဆွဲထည့်ပါမယ်၊ ။ ဟင်းရည်ထည့်ပါမယ်၊၊ ကြက်သွန်နီ လှီးထား တာလေးတွေ ဖြူးလိုက်ပါ၊၊ စားလို့ပါပြီ၊၊ ကြက်သွန်အစိမ်းမစားချင်တဲ့လူတွေကတော့ မုန့်ကြွပ်ကြော် ထည့်ပြီး စားလေ့ ရှိပါတယ်၊။


Sunday 7 January 2007

ကျွန်မအဘွားချက်သော ရန်ကုန် မုန့်ဟင်းခါး

ကျွန်မတို့ ရပ်ကွက်မှာ အလှူလုပ်တိုင်း မုန့်ဟင်းခါးအိုးကြီးချက်ဆို ကျွန်မအဘွားလက်ရာကို မမီဖူးလို့ပြောကြ ပါတယ်၊၊ကျွန်မလည်း အဲလိုပဲထင်တာပေါ့၊။ အဘွားက မုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်သလဲဆိုရင် မနက်တိုင်းစားပါတယ်၊။ ကျွန်မလည်း အဘွားရဲ့ အမွေ အဖြစ်ချက်နည်းလေးတော့ သင်ထားပါတယ်၊၊ အားလုံးချက်ကြည့်ကြပါနော်၊၊
မုန့်ဟင်းခါး တစ်ဆယ်ပိသာ ချက်တော့မယ်ဆိုရင် လိုအပ်တာကတော့
ငါးက (၃) ပိသာထည့်ရပါမယ်၊၊ငါးခူကတော့ အကောင်းဆုံးလို့ အဘွားကပြောပါတယ်၊၊ နောက်ပီး ဆန်လှော်မှုန့်(၃၀)သား၊ပဲမှုန့်အကျက်(၃၀)သား (ဒါမှမဟုတ်) မြေပဲလှော်ပီးသားထောင်းထည့်ရင်လဲရပါတယ်၊၊ (၃၀)သားပဲပေါ့၊၊တချို့ကတော့ ရွှေကျီမှုန့်ထည့်ပါတယ်၊၊(၃၀)သားပေါ့၊၊
စုစုပေါင်း (၁)ပိသာပေါ့၊၊ အဘွားကတော့ ရွှေကျီမှုန့် မထည့်ဖြစ်တတ်တော့ ကျန်တဲ့ (၂)မျိုးပေါင်း (၁)ပိသာထည့်ပါတယ်၊၊ ကိုယ်ကြိုက်တဲ့ဟင်းရည် အပျစ်အကျဲအပေါ်မူတည်ပြီး ဆန်မှုန့်တို့ ပဲမှုန့်တို့ကို လျော့ထည့်လို၇တယ်လို့ ပြောပါတယ်၊၊
ပထမဆုံး ဒန်အိုးထဲမှာ စပါးလင်(၅)ပင်လောက်ရေဆေးပြီး ခင်းရပါတယ်၊၊ အောက်ပိုင်းက အမြစ်တို့ အတက်တို့မပါပါဖူး၊၊ အရွက်တွေချည်းပဲခင်းရမှာပါ၊၊
ငါးကို ရေပြောင်အောင်ဆေးပြီး ၊ ငံပြာ၇ည်၊ ဆနွင်းနဲနဲ၊အချိုမုန့်လိုသလောက်ထည့်ပြီး ပြုတ်၇ပါမယ်၊၊
အဲဒီအချိန်မှာ စောစောကဖယ်ထားတဲ့
စပါးလင်အတက်လေးတွေ၊၈ျင်း၊ ကြက်သွန်ဖြူတို့ကို ညှက်နေအောင် ထောင်းထားရပါမယ်၊၊ကြက်သွန်နီကိုတော့ အလုံးလိုက်ခွာထားရမယ်၊။ ငါးပျောအူကိုလည်း လှီးထားရပါမယ်၊ ငါးပျောအူက လှီးပြီးရင် မဲတတ်လို့ ရေထဲမှာ ဆနွင်းမုန့်ထည့်ပြီး စိမ်ထားရပါမယ်၊၊
ငါးပြုတ်တာ ကျက်ပြီဆိုရင်တော့ ငါးတွေကို အသားတွေ တတ်ဖယ်ပါတယ်၊၊
အရိုးတွေကိုတော့ ထောင်းပြီး အ၇ည်စစ်ပါတယ်၊၊ငါးအရိုးမှာ အသားလုံးဝမကျန်တဲ့အထိပေါ့၊ နောက်အရိုးတွေကို လွင့်ပစ်ပြီး အသားပြုတ်ရည်ကိုခဏဖယ်ထားရပါမယ်၊။ဘဲဥ(၃၀)လုံးလောက်ကိုလဲ ပြုတ်ထားရပါမယ်၊၊ကိုယ်ကြိုက်သလောက်ထည့်လို့ရတယ်လို့ ပြောပါတယ်၊၊
ဘဲဥကျက်ရင် အခွံခွာပြီးပါးပါးလှီးထားပါ၊၊
နောက်ဒယ်အိုးထဲ ဆီစထည့်ပါမယ်၊။
စပါးလင်၊၈ျင်း၊ ကြက်သွန်ဖြူ ထောင်းပြီးသားတွေကို ထည့်ပီး ဆီသတ်ရပါမယ်၊။ ကျက်လို့ မွေးလာရင် ငါးရုတ်သီးအရောင်တင်မှုန့်ထည့်ပါမယ်၊။ ခဏနေရင် ငါးအသားတွေကို ထည့်ပြီးမွှေပါ၊၊ ငါးတွေ နီပြီး ခြောက်သွားတဲ့ အထိ မွှေပေးရပါမယ်၊၊
ပြီးရင် မုန့်ဟင်းခါးချက်ဖို့ အိုးအကြီး၊ အလွတ်တစ်လုံးစပြီး တည်ပါ၊။ ငါးပြုတ်ရေစစ်ထားတာ တွေစထည့်လို့ ရပါပီ၊။
ငါးပြုတ်ရေ ပွက်ရင် ဆူလာရင် ဆန်လှော်မှုန့်နှင့် ပဲမှုန့်တွေထည့်ပြီး မွှေပေးပါ၊။ အဆက်မပြတ် မွှေပေးပါ၊၊ အမှုန့်တွေက အိုးကပ်ပီး တူးသွားတတ်လို့ပါ၊၊ဆန်လှော်မှုန့်ပွလာရင် ငါးဆီသတ်ထားတာတွေ ထည့်ပါ၊၊ရေကိုလိုသလောက်ကြည့်ထည့်ပါ၊။ဟင်းရည်အိုးကို မွှေပေးဖို့က အဓိကပါ၊၊တူးသွားရင် အားလုံး ဆုံးရှုံးသွားမယ်လို့ ဘွားကပြောပါတယ်၊၊ အရသာမြည်းကြည့်ပါ၊၊ နောက်ဆုံးမှ ကြက်သွန်ဥတွေနှင့် ငါးပျောအူတွေ ၊ ဘဲဥ လှီးပီးသားလေးတွေ ထည့်ရုံပါပဲ၊၊
ပီးပါပီ၊၊ ချက်စားကြည့်ကြပါ၊။ ပြီးရင် ကျွန်မကိုကျွေးပါ၊၊ ကျွန်မအဘွားလက်ရာ မီမမီသိချင်လို့ပါ၊၊ ဟီး၊၊ ကျွန်မကိုယ်တိုင်တော့ တစ်ခါမှ မချက်ဖူးသေးပါဖူး၊၊ ဘာလို့လည်း ဆိုတော့ အဘွားကဘေးမှာရှိနေတာကိုး၊၊


Friday 5 January 2007

ကျွန်မ ကြိုက်သော ဒေသလိုက်အစားအစာများ

လူတွေက ပြောကြတယ်၊။ ဟင်းကောင်းဆို အသားပါမှတဲ့၊။လူတကိုယ် အကြိုက်တစ်မျိုးစီ ပေါ့ရှင်၊။ ကျွန်မက တော့ မကောင်းတာမှ ကြိုက်တယ်လို့ပြောရမလား၊၊ အသားဆိုလို ကြော်တာလောက်ကိုပဲ နှစ်သက် ပါတယ်၊ အရသာ အရမ်းရှိတဲ့ အီတာ၊ ချိုတာဆို လုံးဝမစားတတ်တာပဲ၊။ ကျွန်မအချဉ်စားလွန်းလို့၊ အိမ်က အချဉ်ကြိုက် လူမိုက်လို့ပြောပါတယ်၊။ ကျွန်မလို့ ဟင်းဂျီးများတဲ့ လူတွေ ရှိအုံးမလားလို့ပါ၊၊ အမေကတော့ ပြောတယ် ၊ သမီးကိုယ်ဝန်နှင့်တုန်းက အမေ ဘာမှ စားချင်ဖူးတဲ့၊၊ လက်ဖက်သုတ်ပဲ စာချင်းတာတဲ့၊။ ဒါကြောင့်ထင်ပါရဲ့၊၊ ကျွန်မကို မွေးလာတော့ လေးပေါင်ပဲ ရှိသတဲ့၊။ အရေပြားလေးတွေက ပါးပါးလေးမို့လို့ အထဲက သွေးကြောလေးတွေပါ မြင်နေရလို့တော့၊၊ ဖေဖေက တော့ သူသမီးကြီးကို ဘုံတိုလေးလို့ ချစ်စနှိုးခေါ်ပါလေရဲ့၊၊
ကဲ ကျွန်မ စာ လမ်းချော်တော့မယ်။ ကျွန်မကြိုက်တတ်တဲ့ အစားစာလေးတွေကို ဒီကနေ ဝေမျှခွင့်ပြုပါနော်၊၊
ကျွန်မ က အညာသူဆိုတော့ လက်ဖက်သုတ်ကို အကြိုက်ဆုံးပေါ့ရှင်၊၊
ကျွန်မတို့ တောင်တွင်းကြီးမြို့မှာ အဓိက ထွက်တာကတော့ ပဲ၊နှမ်း၊ ကြက်သွန်၊ငရုတ် ၊ ပြောင်းဖူးပေါ့၊၊ ကျွန်မ တို့ ဒေသကလူတွေကတော့ မျှင်ငါးပိ ကို အရမ်းစားကြပါတယ်၊၊ မနက်ဖက်ဆို ငါးပိဖုတ်နှင့်၊ လက်ဖက်သုတ် မပါတဲ့ နေ့ သိပ်မရှိပါဖူး၊၊ မုန့်ပဲ သားရေစာရောင်းတာလဲ သိပ်မရှိပါဖူး၊၊ မနက်ဆို ပြောင်းဖူးပေါ်ချိန်ဆို ပြောင်းဖူးပြုတ် ရောင်းတာတို့၊ လောက်ပဲရှိပါတယ်၊၊ ထန်းညက်လည်းပေါ်ပါတယ်၊၊ ကျွန်မကတော့ အချိုမကြိုက်လို့ မစားပါဖူး၊၊ ကျွန်မတို့ မြိုံ့ မှာ ကျွန်မကြိုက်တဲ့ အစားအစာက တော့ သင်္ဘောသီး သုတ်ပါ၊၊ တောသုတ်နှင့် မြို့သုတ်ဆိုပီး (၂)မျိုးရှိပါတယ်၊၊

တောသုတ်ကတော့ သဘောင်္သီးကို ခြစ်ထားရပါတယ်၊၊ ပီးတော့ ငါးပိဖုတ်ရယ်၊ ရှောက်သီးရယ်၊ ပုဇွန်ခြောက် မုန့်ရယ်၊ ငရုတ်သီး(ပီနံသီး) ကို ထောင်းပီး ထည့်ရ ပါတယ်၊၊ ပီးတော့ အချိုမုန့် ကို သင့်တော်ရုံထည့်ပြီး သုတ်လိုက်ရုံပါပဲ၊၊ ချဉ်၊ငံ၊စပ်လေးပေါ့၊၊
နောက် မြို့သုတ်ကတော့ သဘောင်္သီးကို ခြစ်ထားရပါတယ်၊၊ နောက်ပီး အာလူးပြုတ်၊ကြက်သွန်ဖြူဆီချက်၊ တို့ဖူး၊ ပဲမုန့်၊ ငရုတ်သီးလှော် မုန့်တို့ကို ထည့်ပီး သုတ်ရတာပါ၊။ စီးစီးလေးနှင့် စားလို့ အရမ်းကောင်းပါတယ်၊။ မယ်ဇလီဖူးပေါ်ချိန်ဆို မယ်ဇလီဖူးပါရောသုတ်လေ့ရှိပါတယ်၊
ကျွန်မတို့ မြို့မှာ မျှစ်လည်းပေါ့ပါတယ်၊။ မျှစ်ပေါ်ချိန်ဆို မျှစ်အဆို ဖြူနုနုလေးတွေ ကို ရေ(၃)ရက်လောက် စိမ်ထားပီး၊ ငါးပိ၊ ပုဇွန်ခြောက်မှုန့်နှင့် နှပ်ပီး စားရတာ အိအိလေးနှင့် စားလို့ကောင်းပါတယ်၊၊နောက်ပီး မျှစ်ကို ငရုတ်သီးစိမ်းနှင့် ငါးပိနှင့် ခရမ်းချဉ်သီးနှင့် ချက်စားတာကို လည်း အရမ်းကြိုက်ပါတယ်၊။
ဆောင်းတွင်းဆို ခရမ်းချဉ်သီးက အရမ်းပေါတော့ အိမ်ထဲမှာ တင်းလိုက်ဝယ်ပီး ဖြန်ထားလေ့ရှိပါတယ်၊။ ခရမ်းချဉ်သီး ချက်နှင့် လက်ဖက်သုတ်က တော့ ကျွန်မတို့ ဒေသရဲ့ ပင်တိုင်ဟင်းဆိုလဲမမှားပါဖူး၊၊မနက်ဖက်ဆို အစောကြီးထပြီး ဘွားဘွားကြီး လုပ်ပေးတဲ့ကောက်ညှင်းပေါင်းစားရတာကို သတိရမိပါတယ်၊။ ကျွန်မတို့မြို့က တောင်(၄) တောင်ရဲ့အလည် တွင်းထဲမှာ ရှိလို့ အရမ်းပူ၊ အရမ်းအေးတဲ့ဒေသတစ်ခုပါ၊၊
မြေပဲပေါတော့ မြေပဲကိုကြော်လိုက် ၊ လှော်လိုက်၊ ပြုတ်လိုက်ပဲပေါ့၊၊ ကျွန်မကတော့ ထမင်းပူပူ ကို ဆီစမ်းပီး မြေပဲနှင့် စားရတာကို နှစ်သက်ပါတယ်၊၊ ကျွန်မတို့ ဒေသမှာ ထွက်တာကို မူတည် ပီး လူတိုင်း ကောင်းကောင်း ချက်နိုင်ကြပေမဲ့ ကျွန်မကတော့ ကျွန်မကြိုက်တာလေးတွေ လောက်ပဲ တင်ပြတာပါ၊။
ခု ဒီစာရေးနေတဲ့ အချိန်က နေလည်စာစားချိန်လေ၊ ကျွန်မ ထမင်းမစားနိုင်သေးပဲ ကျွန်မဒေသက အစားအစာ လေးတွေကို စိတ်ကူးရင်းရေးနေမိတာပါ၊၊ ကဲ၊ ဗိုက်တောင် တော်တော်ဆာလာပီ၊။သွားစားအုံးမှပဲ၊၊ နောက်ရက်မှ ကျွန်မရောက်ဖူးတဲ့ အခြားဒေသက အစားအသောက်လေးတွေရေးပါ့မယ်၊၊ ကျွန်မ ကြိုက်တာပဲရေးမှာနော်၊၊