Monday, 19 February 2007

မှတ်စုဟောင်းများ

သူတော်ကောင်းအဖြစ်သိနိုင်သော အကြောင်းလက္ခဏာ (၄)ပါး
  1. သူတစ်ပါးအပြစ်ကို၊မမေးရင်မပြော၊မေးရင်တောင်နည်းနည်းပဲပြောတယ်။
  2. မိမိအပြစ်ကိုတော့၊မမေးပေမယ့်၊ပြောသင့်ရင်ပြောပြတတ်တယ်၊၊မေးရင်လည်းပြည့်ပြည့်စုံစုံ ပြောတတ်တယ်၊၊
  3. သူတစ်ပါးဂုဏ်ကျေးဇူးကို ဘယ်တော့မှမမေးပေမဲ့ ပြောပြတတ်တယ်၊၊
  4. မိမိရဲ့ ဂုဏ်ကျေးဇူးကို မမေးရင်မဖေါ် မေးရင်တော့ အနည်းငယ်မျှသာ ပြောပြတတ်တယ်၊၊
“တစ်ယောက်စကား၊တစ်ယောက်နားမှာ မခါးရအောင် မောင်တို့ဆိုစေ၊ ပျားသကာသို့ ချိုလှစေ၊၊”(ရှင်မဟာရဌသာ၇)

စကားဆိုတာ၊ တစ်ဦးတစ်ယောက်နှုတ်ကပြောပြီးတဲ့ နောက်မှာမှ အသက်ဝင် ရပ်တည်တာ၊ အကျိုးဆက်ဖြစ်ပေါ်တာ၊၊ (အီမီလီဒစ်ကီဆွန်)

သု စိ ပု ဘာလိ သိ ဓာ
အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊နေ့တိုင်းဆင်လော့၊၊”
  • သု = သုဏေယျ (ကြားနားပါ)
  • စိ = စိန္တေယျ ( ကြံစည်ပါ)
  • ပု = ပုစ္တေ္ဆယျ (မေးမြန်းပါ)
  • ဘာ = ဘာသေယျ (ဆွေးနွေးပါ)
  •ိ = ၀ိစာရေယျ (စူးစမ်းပါ၊သုသေသနပြုပါ)
  • လိ = လိက္ခေယျ (ရေးသားပါ)
  • သိ = သိက္ခေယျ (လေ့ကျင့်ပါ)
  • ဓာ = ဓာရေယျ (ကျက်မှတ်ပါ)
“လူကြိုက်များအောင်နေထိုင်နည်း(၆)နည်း”
  1. အခြားသူများပေါ်တွင် အဟုတ်အဟတ်စိတ်ဝင်စားပါ၊၊
  2. ပြုံးပါ၊၊
  3. လောကတွင် သုတိ-အသာအယာဆုံးအသံသည် မိမိနာမည်ကို လူတစ်ယောက်ကခေါ်လိုက်သောအခါ ကြားရသောအသံဖြစ်ကြောင်းသတိပြုပါ၊၊
  4. တဖက်သားစိတ်ဝင်စားလျှက်ရှိသော ကိစ္စမှနေ၍ ဆွဲဆောင်ပါ၊၊
  5. တဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ၊၊တဖက်သား သူတို့အကြောင်းပြောပြရန် အားပေးပါ၊၊
  6. တဖက်သားအား သူ့ကိုယ်သူ အထင်ကြီးလာအောင် လုပ်ပေးပါ၊၊ဤသို့လုပ်ရာတွင် စိတ်ရောကိုယ်ပါ လုပ်ပေးပါ၊၊
(မိတ္တဗဟဠီကာမှ ကောက်နုတ်ထားပါသည်၊၊)

Wednesday, 14 February 2007

ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သောအချက်များ

အပါယ်လေးပါးဆိုသည်ကား ...
၁၊၊ ငရဲ - ချမ်းသာအနည်းငယ်မျှမရှိပဲ မီးတောက်မီးလျှံ၊ ဓားလှံစက်တို့၌ခံရခြင်းကို “ငရဲ”
ဟုခေါ်ပါသည်၊၊
၂၊၊ တိရစ္ဆာန် - တရားမသိ၊စားခြင်း၊အိပ်ခြင်း၊မေထုံမှီဝဲခြင်းကိုသာသိသော၊သတ္တ၀ါ၊
မဂ်-ဖိုလ် မှ ဖီလာကန့်လန့်ဖြစ်သော “
သတ္တ၀ါ” ၊၊
၃၊၊ ပြိတ္တာ - ချမ်းသာသုခကင်းသေးသော ဖုတ်၊တစ္ဆေ စသော
သတ္တ၀ါ၊၊
၎၊၊ အသူရကာယ် - စည်းစိမ်ချမ်းသာမြူးထူးခြင်း၊စသည်တို့ဖြင့် မထွန်းပတတ်သော
သတ္တ၀ါ၊၊
(နေ့ခံ၍ ညဉ်ခံ၊
ညခံနေ့စံ သော သတ္တ၀ါ၊၊)
(အပါယ် ကောင်းမှုနှင့် မပြည့်စုံသော “ငရဲ”)

ကပ်သုံးပါး
၁၊၊ ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါးငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း၊၊
၂၊၊ သတ္တရကပ် = သေစေတတ်သော ဓား၊လှံ၊သေနတ် စသောလက်နက်တို့ဖြင့်
အချင်းချင်းတိုက်ခိုက်ထိုးခုန်၍
များစွာသေကြေပျက်စီးခြင်း၊၊
၃၊၊ ရောဂန္တရကပ် = ကူးစက်တတ်သော အနာရောဂါကျရောက်သဖြင့်
များစွာသေကြေပျက်စီးခြင်း၊၊
(ကပ် = ကာလ၊ အပိုင်းအခြား)

ရပ်ပြစ်ရှစ်ပါး
၁၊၊ ငရဲ - ချမ်းသာအလျဉ်းမ၇ှိသော အရပ်၊၊
၂၊၊ တိရစ္ဆာန်- မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ၊၊
၃၊၊ ပြိတ္တာ - ချမ်းသာ သုခကင်းဝေးသော ဖုတ်၊ တစ္ဆေ စသော သတ္တ၀ါ၊၊
၎၊၊
အံသညဇော - အရူပဘုံ၊ အသညတ်သတ်ဘုံ၊၊
၅၊၊ပစ္စန္တရော - ရတနာသုံးပါးမတည်၍ ရိုင်းစိုင်းသောသူတို့အရပ်၊၊
၆။ဝိကလိန္ဒြယ - ပဋိသန္တေအားဖြင့်၊ကျိုး၊ကန်း၊ဆွံ့၊အသောသူအဖြစ်၊၊
ရ၊၊ မိစ္ဆာဒိဌိ - မှားသောအယူကိုယူသော
မိစ္ဆာဒိဌိ တက္ကဒွန်းဖြစ်ရခြင်း၊၊
၈၊၊ ဗုဒ္ဓသုညောတိဟေတုကော - ဘုရားမရှိသော အခါကာလ၌ တိဟိတ် ပဋိသန္ဒေ္ဓနေသောသူ၊၊
(
ရပ်ပြစ်ရှစ်ပါး=မဂ်ရခြင်းမှ ကင်းသော အရပ်ရှစ်ပါး)

ရန်သူမျိုးငါးပါး
မီး = လောင်းကျွမ်းစေတတ်သော ဓါတ်တစ်မျိုး၊၊
ရေ = သောက်၊ ချိုး၊ ဖွတ်၊လျှော်၊ဆေးကြောရသော အရည်ဓါတ်တစ်မျိုး၊၊
မင်း = ရေ၊မြေကို အစိုးရသော လောကသမုတိနတ်၊၊
ခိုးသူ = သူတစ်ပါး ပစ္စည်းကို မသိအောင် တိတ်တဆိတ်ယူတတ်သောသူ၊၊
မချစ်မနှစ်သက်သောသူ = မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်းကြံတတ်သူ၊၊

ဝိပတ္တိတရားလေးပါး
ဂတိ ၀ိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်ရခြင်း၊၊
ဥပဓိ
ဝိပတ္တိ = ယုတ်ညံသော အတ္တဘောကိုရခြင်း၊၊
ကာလ
ဝိပတ္တိ = မကောင်းသောမင်းတို့ဧ၊၊် လက်ထက်ဟုဆိုရသောကာလ၊၊
ပယောဂ
ဝိပတ္တိ = မကောင်းသော လုံလရှိခြင်း၊၊

ဗျသနတရား ငါးပါး

ဥာဏ ဗျသန = အဆွေအမျိုးတို့ ပျက်စီးခြင်း၊၊
ဘောဂ
ဗျသန = စည်းစိမ်ဥစ္စာအရာထူးတို့ပျက်စီးခြင်း၊၊
ရောဂ
ဗျသန = အနာရောဂါကြောင့်ပျက်စီးခြင်း၊၊
ဒိဌိ
ဗျသန = ကောင်းသောအယူဝါဒ၊ ပျက်စီးခြင်း၊၊
(ဗျသန = ပျက်စီးခြင်း)

ရေငုံဆရာတော်သြ၀ါဒ
မည်၍မည်မျှပင်စားရစားရ၊ တစ်ဝမ်းဝရုံပဲ၊၊
မည်၍မည်မျှပင်ဝတ်ရ၀တ်ရ၊ သားရေပြားဖုံးရုံပဲ၊၊
မည်၍မည်မျှပင်အိပ်ရအိပ်ရ၊ တစ်ကိုယ်စာလေးပဲ၊၊
မည်၍မည်မျှပင်ပစ္စည်းရှိရှိ၊ သေလျှင်ထားခဲ့ရတာချည်းပဲ၊၊
ကုသိုလ်ပြုလျှင် ကိုယ်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့၊၊

မှတ်ချက်၊၊ ၊၊(လက်ကမ်းစာစောင်တစ်ခုမှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်၊၊)

Tuesday, 13 February 2007

“လေလွင့်သူရဲ့တိမ်”

“လေလွင့်သူရဲ့တိမ်”
မုန်းတီးမှုများ ၊ စားသုံးရင်း
ခွန်အားသစ်တွေ၊ ဖြစ်ခဲ့ပြီ၊၊
နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
ရေတိုက်စားရင်း၊ငြိမ်းခဲ့ပြီ၊၊
လွဲချော်သွားတဲ့ နာရီများအတွက်
အိမ်မက်တွေကို ဖြတ်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရားတရင်းစိန်ခေါ်ခဲ့ရပြီ၊၊
ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးသွားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျတဲ့အခါ
ဘ၀ဆိုတာ ကောလဟာလပါပဲ၊၊
ရွှေရှာသူများ၊
ငွေရှာသူများ၊
နေရာယူသူများ၊
အားလုံးရဲ့နောက်မှာ...ငါ
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်.....၊
ဒါပေမဲ့....
ဘာတွေမှတွေးမနေနဲ့တော့
တိမ်တွေရဲ့ကိစ္စ
ရာသီတွေရဲ့ကိစ္စ
လောကကိုမတောင်းဆိုလိုက်လေနဲ့
အိနြေ္နကြီးတဲ့ ကောင်းကင်ကြီးလို
နေလိုက်ပေါ့ကွယ်၊၊
(ဂျူး)
မှတ်ချက်၊၊ စာရေးဆရာမ ဂျူးရဲ့ ကဗျာလေးကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်ရှင့်)

ချစ်သမီးအတွက်

သမီးလေးရေ
“ကြည်လင်တဲ့စိတ်
မွန်မြတ်တဲ့ စေတနာ
ကြီးမားတဲ့ ဇွဲလုံးလ
ခိုင်မာတဲ့ယုံကြည်ချက်
မြင်မြတ်တဲ့ ကိုယ်ကျင့်တရား ”
တွေကို ပိုင်ဆိုင်နေမယ်လို့ ဖေဖေ ယုံကြည်နေတယ် သမီး၊၊
သမီးရေ...
လူတစ်ယောက်မှာ အကောင်းတွေရှိသလို အဆိုးတွေလည်း မကင်းကြဖူး၊၊
အမှန်တွေကို လုပ်မိသလို အမှားကိုလည်း ကြုံကြိုက်မိတာချည်းပါပဲ၊၊
ငါ့သမီး လူကြီးဖြစ်သွားမဲ့အချိန်မှာ - စိတ်ထင်ရာမပြောမိစေဖို့ပါပဲသမီး၊
မာယာတွေများတဲ့ လောကကြီးမှာ ဟန်ဆောင်ရတဲ့အပိုင်းတွေအများကြီးရှိတယ်၊။
“စကားတစ်ခွန်းထွက်မယ်ကြံရင် အဲဒီစကားရဲ့ အဓိပ္ပါယ် ဘယ်လောက်ထိရောက်သလဲ-
ဘာအကျိုးတွေထူးလာသလဲ ဆိုတာကို ပထမဆုံးစဉ်းစား၊ ပြောသင့်ရင် ပြောချလိုက်ပေါ့၊၊
မပြောသင့်ရင်တော့ နှုတ်ဆိတ်နေလိုက်ပေါ့၊၊မပြောသင့်တဲ့စကားကို အရမ်းပြောချင်နေတယ်ဆိုရင်တော့
စာရွက်တစ်ရွက်မှာရေးချလိုက်၊၊ ပြီးတော့ အစဖျောက်ပစ်လိုက်ပါ၊၊
လူတိုင်းဟာ ချိုသာတဲ့စကားကို သဘောကျနှစ်ခြိုက်ကြတယ်ကွဲ့၊၊အတွင်းစိတ်ကို မထိုးဖောက်၊ မသိမြင်ပဲ
အပေါ်ယံလေးသာ သိကြ၊ကြည့်ကြတဲ့သူတွေနှင့် ဆက်ဆံလာရတဲ့အခါ- သမီးကို ၈ျစ်ကန်ကန်နဲ့
ကတ်လှချည်းလားလို့ အထင်မှား၊ အမြင်မှားတွေကို မထင်စေချင်၊မမြင်စေချင်ဖူးကွယ်၊၊
“စံပြ အမျိုးသမီးကောင်းတစ်ယောက်အဖြစ် လူပုံအလယ်မှာ ရပ်တည်နေနိုင်ဖို့ထက် ကိုယ်ကျင့်တရား
မြင့်မြတ်ပြီး စိတ်ထားဖြူစင်တဲ့ သူတစ်ယောက်အဖြစ် မိမိကိုယ်ကို ယုံကြည်နိုင်စေဖို့ ဖေဖေတိုက်တွန်း
လိုက်ပါတယ်၊
သမီး
မွေးဖွားခြင်း နဲ့ သေဆုံးခြင်း ကာလကြားကို “ဘ၀”လို့ သတ်မှတ်ရင် ဘ၀ကို အရွယ်သုံးပါးနဲ့
ပိုင်းဆစ်ပြီး မျှဝေလုပ်ကိုင်ခြင်းနဲ့ ဘ၀အလှဆင်ရန် နီတိ တစ်ခု လက်ဆောင်ပြုလိုက်ပါတယ်၊၊
“ ပထမအရွယ်
ငယ်သော်ကတည့်
သိပ္ပံခေါင်အား
တတ်မြောက်ငြားမူ
တောသားရန်အောင်
ခြင်္သေ့ယောင်သို့
မရှောင်မညှာ
တင်းတင်းမာ၍
ပညာရဲရင့်
ပွဲလယ်တင့်သိမ့်၊၊”
သမီး
တည်ငြိမ်တဲ့ စိတ်ကို ရနိုင်အောင်ကြိုးစားပါ၊၊ တစ်ချိန်မှာ တစ်မျိုးသာဖြစ်နေအောင်ပေါ့၊
အဲဒီအခြေအနေမှာ မိမိလိုလားတဲ့ စိတ်နှင့် အစားထိုးတည်ဆောက်သွားနိုင်တယ်၊၊ အဲဒီလို
တည်ဆောက်သွားနိုင်ဖို့အတွက်တော့ “ပညာ” နှင့် “သတိ” လိုအပ်တယ်၊၊
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ
“ ကာမရောဂါ အတွင်းနာကား
ကုရာနတ္ထိ ဆေးမရှိခဲ့၊
မိမိ “ပညာ” “သတိ” သာလျှင်
မဟာသြသဓ ဆေးမည်စွ၊၊ ”
(မြတ်ဗုဒ္ဓ)
(
ကာမရောဂါ အတွင်းနာ = လိုအင်ဆန္ဒများ)
သမီး-
မဖြစ်နိုင်တာကို မယုံနဲ့၊၊
အတိတ်ကိုနောင်တမရနဲ့၊၊
မရနိုင်တာကို တမ်းတမနေနဲ့၊၊
မဖြစ်နိုင်တာကို ယုံနေမဲ့အစား ဖြစ်နိုင်တာကိုပဲတွေးတောပါ၊၊
အတိတ်က အမှားတွေကို နောင်တရနေမဲ့အစား နောင်မမှားအောင် ကြင့်ကြံသွားပါ၊၊
မရနိုင်တာကို တမ်းတနေမဲ့အစား ရတာနဲ့ပဲ ရောင့်ရင်းပါနော်၊၊
သမီး
သမီးလို မိန်းကလေးကို (ဖေဖေ) တော်ရုံယောင်္ကျားတစ်ယောက် လက်ထဲမထည့်လိုက်နိုင်ဖူး၊၊
ဒီတော့- သမီးရွေးချယ်ရမဲ့ အချက်တွေက-
-ကိုယ်ကျင့်တရား မြင့်မြတ်ပြီး စိတ်ထားဖြူစင်တဲ့သူ
-သမီးရဲ့ မိဘနှစ်ပါးကို မိဘလို သဘောထားနိုင်တဲ့သူ
-ယောင်္ကျား ပီသပြီး ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူ
တို့ပါပဲကွယ်၊၊
ဒီတော့ သမီးလိုက်နာရမှာက
နှလုံးသားက လက်ခံထားနိုင်တဲ့သူကို ဦးနှောက်နှင့် ရွေးချယ်တတ်ပါစေ၊၊
မှတ်ချက်၊၊ ၊၊ အဖေ့သမီး အပျိုကြီးများ ဖြစ်မလားမသိဖူး)
သမီး-
အများနှင့် လိုက်လျောညီထွေမှုရှိပါစေ-
Isolated ဘ၀ကို မဖန်တီးနှင့်-
သွား-လာ-နေ-ထိုင်-၀တ်-စား-ဆင်ယင် ဆက်ဆံမှုတွေအားလုံး ခော်ဆန်ဖို့ မလိုပါဖူး၊၊
အဲ- ဒါပေမဲ့ ခော်မီအောင်တော့ ကြိုးစားရမယ်နော်၊၊
ဘ၀ရဲ့ တွေ့ကြုံလာတဲ့ အခက်အခဲတွေ အားလုံးကိုလဲ တက်ကြွတဲ့စိတ်ဓါတ်အားမာန်နှင့်
ရုန်းကန်လုပ်ရှားပါလို့ တိုက်တွန်းချင်ပါတယ်ကွယ်၊၊
သမီး
လောကကြီးမှာ - လုပ်ချင်တာရယ်
- လုပ်နေရတာရယ်
- လုပ်သင့်တာရယ်
- လုပ်နိုင်တာရယ် ဆိုပြီး
အမျိုးမျိုးရှိတယ်၊၊
လှုပ်ရှားမှုတိုင်း ၊ လုပ်ဆောင်မှုတိုင်းမှာ အဓိပ္ပါယ်အပြည့်အ၀ရှိရမယ်၊၊
အသိညာဏ်ရှိတဲ့ လူသားက ညာဏ်ကို ဦးစီးပြီးမှ လုပ်ဆောင်နိုင်ပါစေ၊၊
-ကြမ်းတမ်းခက်ထန်
လောကဓံကို
ညံ့ခံဒူးထောက်
လက်မမြောက်နှင့်၊
-ခရီးမာကြမ်း
သင်မပန်းနှင့်၊၊
-အလွမ်းကိုတွေး
သင်မဆွေးနှင့်၊၊
-သင့်သွေးခိုင်ခိုင်
အားသစ်ပြိုင်သော်
ပန်းတိုင် မုချရောက်မည်တည်း၊၊
အခက်အခဲတွေ ကြုံလာတဲ့အခါ ဒီကဗျာလေးကြောင့် အားတက်နိုင်ပါစေကွယ်၊၊
သမီးရေ
ဘ၀နှင့် ပတ်သက်တဲ့အရာတွေကို အသိညာဏ်နဲ့ဘဲ ဆုံးဖြတ်တတ်ပါစေ၊၊
အတိတ်ကို သတိရခဲ့ရင် သာယာကြည်နှူးစရာကောင်းတဲ့ အချိန်ကိုတွေးမိပါစေ၊၊
တိုတောင်းလှတဲ့ (တစ်မိနစ်)ကို မပစ်ပယ်နိုင်တဲ့ တန်ဖိုးရှိတဲ့ စက္ကန့် (၆၀) နဲ့ အစားထိုးနိုင်ပါစေ၊၊

အရာရာတိုင်းမှာ သတိရှိနေပါစေ၊။ သမီးအတွက်အောင်မြင်ရေးကိုရှေးရှုလျှက်
ချစ်သောဖေဖေ
မှတ်ချက်၊၊ ဒီစာလေးက ကျောင်းတွေပြီးလို့ တခြားနေရာမှာသွားအလုပ်လုပ်မဲ့ သမီးအတွက် အဖေရဲ့ အမှတ်တရစာလေးပါ၊၊ အဖေခံယူချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်၊၊ အမှားပါရင် ခွင့်လွတ်ပါ၊၊





သူငယ်ချင်းလေးသို့အမှတ်တရပေးစာ

ဟေ့ ပိုပို...
“ငါ နင့်ကို ခင်တယ်၊၊
မိတ်ဆွေလို.....
သူငယ်ချင်းလို.....
ညီမလေးလို ခင်တယ်၊၊ ဒါကြောင့်.....
၁၊၊ နင် အမှန်တွေချည်းလုပ်နေတဲ့အချိန်မှာ၊
နင့်ဖက်မှာ ငါဘယ်တော့မှမနေဖူး၊၊
၂၊၊ နင် နဲ့ ငါကြားမှာရှိတဲ့ အမှတ်တရတွေ၊
သတိရစရာတွေ ဘယ်တော့မှ နင်ပြန်မတွေးနဲ့၊
ငါလည်းမစဉ်းစားဖူး၊၊
၃၊၊ နင်ကိုခင်လွန်းလို့ Marbolo (မာဘိုလို) ၊
တစ်လိပ်လောက်တိုက်ချင်တယ်၊၊

နင်စိတ်ဆိုးသွားသလား???
စိတ်မဆိုးပါနဲ့ဟာ၊နင် နားလည်အောင် တစ်ချက်ချင်း ငါရှင်းပြပါမယ်၊၊
၁၊၊ လူတစ်ယောက်ဟာ မှန်တာတွေလုပ်နေရင် သူ့ဘက်မှာ လူအများကြီး
ရှိနေတယ်တဲ့၊၊မှားတာလုပ်နေမိရင်တော့ မိတ်ဆွေစစ်ဆိုတဲ့ လူနည်းစုသာ
ရှိတော့တယ်တဲ့၊၊
ငါကတော့လူနည်းစုမှာပဲ ပါချင်လို့ ဒီလိုရေးတာပါ၊၊
၂၊၊ “ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းအောင့်မေ့နေခြင်းသည် ဖြစ်ပြီးတာတွေ
နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်တော့ဖူးဆိုတဲ့ အချက်ကို ယုံကြည်နေခြင်းပဲ
ဖြစ်သည်” တဲ့၊၊
အဲဒါကြောင့် နင်ကိုပြန်မတွေးခိုင်း၇ဲတာပေါ့၊၊
၃၊၊ နင့်ကို ငါ Marbolo ဆေးလိပ်အစစ်မတိုက်ပါဖူး၊၊ ဘယ်တိုက်လို့ ဖြစ်ပါ့မလဲ၊၊
ငါက ဆေးလိပ်သောက်တဲ့ မိန်းကလေးဆို ကြည့်လို့ကိုမရဖူး၊၊
Marbollo ရဲ့ အဓိပ္ပါယ်အရှည်ကို သိရင်တော့ နင်နားလည်မှာပါ၊၊
အဲဒါဘာလဲဆိုတော့.....
Men always remember ladies because ၀f romance only.
“တီတီတာတာ ချစ်စရာ အခရာ စကားလေးတွေကြောင့်သာ မိန်းမတွေက
ို ယောင်္ကျားတွေက အမြဲတမ်း သတိရနေကြတာပေါ့” .....တဲ့၊၊
နင့်ရဲ့ “၈ျစ်တစ်တစ် စကားလေးတွေ ၊ အမူအယာ လေးတွေ ပြင်ချင်လာအောင်လို့ပါ၊၊
နင့်ရဲ့ ထာဝရသူငယ်ချင်း
ကိုလတ်
မှတ်ချက်၊၊ ဒီစာလေးဟာ ကျွန်မငယ်စဉ်ကျောင်းသားဘ၀က သူငယ်ချင်းတစ်ယောက်ကို အမှတ်တစ်ရနှင့်ရေးမိတာပါ၊၊အမှားပါရင် နားလည်းပေးကြပါလို့၊၊ ကျေးဇူးတင်ပါတယ်ရှင့်၊၊

Thursday, 1 February 2007

မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်

“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
မမေဖေဖေရေးထားတဲ့ စာလေးထဲက စာသားလေးပါ၊၊ ကျွန်မကြိုက်တာကတော့ စာတစ်စောင်လုံးပါပဲ၊၊
အရမ်းကို ဖတ်ရတာ အဓိပ္ပါယ်ရှိပါတယ်၊၊ ဖတ်လေဖတ်လေဖတ်ချင်လေပါပဲ၊၊ မမေရဲ့ ဖေဖေကိုလည်း အရမ်းလေးစားမိပါတယ်၊၊ စာဖတ်ခြင်းရဲ့ အရသာကို ကျွန်မပိုပြီးနှစ်သက်လာပါပြီ၊၊ ဖတ်ချင်ရင်တော့ ဒီလင့် မှာ သွားဖတ်ပါနော်၊၊
“မှားတာကို ပယ်ရှား၊ မှန်ရာကို ပိုက်ထုပ်တတ်ဖို့ဆိုတာ ပညာရှိကြီးတွေရဲ့ အလုပ်”
ဘာလို့ ကျွန်မဒီစာကြောင်းလေးကို အရမ်းနှစ်သက်မိပါလိမ့်၊၊ ကျွန်မထင်တာတော့ ကျွန်မအမြင်နှင့် ကျွန်မလက်ခံထားတာတွေနှင့် ကိုက်ညီလို့ ဆိုတာတော့သေချာပြောနိုင်ပါတယ်၊၊ ကျွန်မခု စာဖတ်တယ်၊၊ အဓိကကတော့ ဘလော့ပဲဖတ်ဖြစ်တာပါ၊၊ဒါကလည်း ကျွန်မလက်ရှိအလုပ်နှင့်ကိုက်ညီနေလို့ပါ၊၊ ကျောင်းစာတွေ အလုပ်နှင့် ပတ်သက်တာတွေကို ပဲ ဖတ်နေရလို့ ကျန်တဲ့စာတွေ မဖတ်ရတာကြာပါပီ၊၊ မမေနှင့်ကိုသံလွင်တို့ကို အများကြီးကျေးဇူးတင်မိပါတယ်၊၊ ဘာသာပြန်တွေကို အခြေခံရေးတဲ့ နိုင်းနိင်းကိုလဲ ကျေးဇူးပါ၊၊ဗဟုသုတရလို့ပါ၊၊
ကျွန်မကတော့ စာဖတ်ရင် ကိုယ်လက်မခံနိုင်တဲ့ အယူအဆဆိုရင် မေ့ပစ်ပီး၊ လက်ခံနိုင်တာဆိုရင်တော့ မှတ်ထားလိုက်ပါတယ်၊၊ တခါတလေ အမြင်မတူတာမျိုးတွေဖတ်ရရင်တော့ သူုကြီးပြင်းလာတဲ့ဘ၀မှာ ရခဲ့တဲ့အသိနှင့် ကျွန်မကြီးပြင်းလာတဲ့ ဘ၀မှာ ရခဲ့တဲ့ အသိအမြင်ခြင်းမတူလို့နေမှာပဲလို့ မှတ်ယူထားလေ့ ရှိတတ်ပါတယ်၊၊ တစ်ခါတစ်လေ မသိသေးတာတွေပါနေရင်လဲ၊ ကျွန်မလက်ခံနိုင်ရင် ကျွန်မအယူအဆ ဖြစ်သွားတတ်ပြန်ပါတယ်၊၊ ဒါကတော့ စာဖတ်ခြင်းရဲ့ အကျိုးဆက်ဖြစ်မယ်ထင်ပါရဲ့၊၊ ဒါကို စဉ်းစားမိတော့ စာရေးသူတွေရဲ့ တာဝန်ဟာ အရမ်းကြီးပါလားလို့ စဉ်းစားမိပြန်ပါတယ်၊၊
တကယ်လို့များ ကျွန်မလိုဆို ကိုယ်ကြိုက်တဲ့ စာရေးဆရာပဲ ဆိုပြီး သူဘာရေးရေးလက်ခံလိုက်မိရင်တော့ မတွေးဝံ့စရာပဲပေါ့၊၊ ကျွန်မတို့က အစွဲရှိတတ်တာကိုး၊၊ ကျွန်မဆို ဒီစာေ၇းဆရာတစ်ယောက်ကို သူရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင်းလေးစားမိသွားရင် နှောင်လဲ သူဘာရေးရေး ဖတ်ပြီးခါစမှာ ၅၀% ကတော့ လက်ခံမိမှာပါပဲ၊၊ နောက်သေသေချာပြန်ဖတ်မှ လက်ခံတာမခံတာကတော့ တစ်ပိုင်းပေါ့၊၊ ဒါတွေက ကျွန်မစာဖတ်သူတစ်ယောက်အနေနှင့် အမြင်တွေပါ၊၊
ဘလော့ထဲက ဆွေးနွေးချက်တွေ ဖတ်ရလေ ကျွန်မအတွက်ကတော့ ပညာရလေ၊၊ ဗဟုသုတရလေပါပဲ၊၊
ဘလော့မှာ ၀င်ဆွေးနွေးတဲ့လူတွေကို အရမ်းကျေးဇူးတင်မိပါတယ်၊၊
ကျွန်မကိုယ်တိုင်ကတော့ သူများဖတ်လို့ကောင်းအောင်၊ အသိပညာတွေပေးနိုင်အောင် ကျွန်မစာတွေမေ၇းနိုင်ပါဖူး၊၊ ကျွန်မရဲ့ လက်ရှိအသိလေးနှင့် ၊ ကျွန်မဖြတ်သန်းလာခဲ့တဲ့ ကျွန်မဘ၀လေးကိုပဲ ရေးတတ်ပါတယ်၊၊ ကျွန်မ ဘလော့က ဘယ်အဓိပ္ပါယ်ကို ရည်ညွန်းတယ်ဆိုတာ ပေါ်လွင်အောင်လည်း မရေးတတ်ပါဖူး၊၊ ကျွန်မမှားနေရင်လည်းသင်ပေးကြပါလို့၊၊
ကျွန်မအိမ်မှာ လူကြီးတွေကို ကန့်တော့ရင် ကျွန်မကြီးကြီးက ဆုပေးတာကတော့ “ဆိုဆုံးမလွယ်တဲ့လူဖြစ်ပါစေ” တဲ့၊၊
ကျွန်မ အဲလိုဖြစ်အောင်အမြဲကြိုးစားနေပါတယ်၊၊ ကျွန်မကို ဆုံးမတဲ့အနေနှင့် တန်ဖိုးရှိတဲ့ စာတွေများများရေးပေးကြပါလို့၊၊
ဘလော့ ပိုင်ရှင်များကို ကျေးဇူးတင်လျက်ပါ၊၊
လူတိုင်း ငြိမ်းချမ်းသော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေ၊၊




Tuesday, 23 January 2007

ဒုက္ခ ညီမျှခြင်း ဆင်းရဲခြင်း ???

လူဖြစ်ရတဲ့ ဒုက္ခ လို့ပဲအော်လိုက်ရင်ကောင်းမလား???
တနေ့တနေ့ ကျွန်မတို့တွေ့နေရတဲ့ ဒုက္ခတွေက လည်းအများသားလေ၊၊
ကျွန်မအဲလိုသာ ၊အရာရာကို၊ဒုက္ခလို့ သိသိနေမယ်ဆိုရင်တော့၊ကျွန်မတရားရနေပီလို့ ပဲပြောရမလား၊၊
ဟာဟ၊၊

ကျွန်မရဲ့ တစ်နေ့တာ ဒုက္ခ လေးကို မျှဝေချင်လို့ပါ၊၊
မနက်မိုးလင်းလို့ အိပ်ယာက နိုးကထဲက စားဖို့အတွက်ချက်ရတယ်၊၊ ရုံးချိန်အမီ ဈေးပြေးရတယ်၊၊ဈေးရောက်တော့လဲ ပါလာတဲ့ တစ်နေတာငွေနှင့် ဈေးနှုန်းတွေက တက်တော့ လျှော့ဝယ်ရတယ်၊၊ လျှော့စားရတယ်၊၊ ကြာရင်တော့ လူသေးသေးလေးတွေ ဖြစ်ကုန်တော့မှာပဲလို့ ကျွန်မစဉ်းစားမိသေးတယ်၊၊ သူများနိုင်ငံက လူတွေဘာလို့ ထွားကြိုင်းနေကြပါလိမ့်၊၊ အသားစားများလို့လား၊၊ ???၊၊ ဒီမှာတော့ အသားဈေးကလည်းကြီး၊ ငါးဈေးကလည်းကြီး၊၊ ပုဇွန် တောင် နိုင်ငံခြားပို့ပြီး ကျန်တဲ့ အကောင်အသေးလေးတွေပဲ စားရပါတယ်၊၊ ဒါတောင်ဈေးက အရမ်းကြီးပါတယ်၊၊ ဒါတွေပြောမနေတော့ပါဖူး၊၊
ကျွန်မ ဒီနေ့ ပြောချင်တာကတော့ ဘတ်စကားစီးရတဲ့ ဒုက္ခပါ၊
ကျွန်မ မနက်မနက်ဆို ဘတ်စကားမှတ်တိုင်ကို ၈နာရီလောက်အရောက်သွားရတယ်၊။ ရုံးနှင့် အိမ်က အမှန်တကယ်မောင်းမယ်ဆိုရင် ကားသာမစောင့်ရရင် (၁၅)မိနစ်နှင့် ရောက်တဲ့ခရီးပါ၊။ ဘတ်စကားကို မှတ်တိုင်မှာ စောင့်ရတဲ့အချိန်ရယ်၊တခါတလေ လူမပါလို့ဆိုပြီး မှတ်တိုင်တစ်ခုစီမှာ အကြာကြီးလူမလာမချင်းစောင့်တဲ့အချိန်တွေကို တွက်ပြီးသွားရတာပါ၊။ အမှန်တော့ ရုံးက (၉)နာရီ အရောက်သွားရင်ရပါတယ်၊၊ မှတ်တိုင်ရောက်တော့ ကိုယ်စီးမဲ့ကားက နာရီဝက်မှ တစ်စီးလာတတ်တာမို့လို့ စောင့်ရပြန်တယ်၊၊ ကားရပြန်တော့ လူတွေက များလွန်းလို့ အသက်ရှုကျပ်နေအောင်ပဲ စီးရပါတယ်၊၊ တော်ရုံ ကျန်းမာရေးမကောင်းတဲ့လူဆို ဘတ်စကား စီးလို့မရနိုင်ပါဖူး၊၊ဒီကြားထဲ ခါးပိုက်နှိုက် ရန်ကလည်းကြောက်ရပါသေးတယ်၊။ လူတွေလည်း ကုန်ဈေးနှုန်းက ကြီး ၀င်ငွေ၊ထွက်ငွေတွေ မမျှလို့ အကျင့်စာရိတ္တတွေလည်း မထိမ်းနိုင်ကြတော့ပါဖူး၊၊ မနက်ကလည်း ဘတ်စကားပေါ်မှာ အမကြီးတစ်ယောက် အသက်ရှူကျပ်ပြီး မေ့လဲသွားလို့ ဘတ်စကားကို မဟာမြိုင်ဆေးခန်းမှာ ရပ်ပြီးပို့ခဲ့ရပါသေးတယ်၊၊ ရုံးချိန်မမိလို့ တက္ကစီ ငှားစီးမယ်ဆိုပြန်ရင်လည်း ဓါတ်ဆီဈေးတွေက ကြီးတော့ တက္ကစီခတွေလည်း ကြီးလို့ တော်ရုံ သူဠေးတောင် ဘတ်စကားစီးနေတာက တွေ့နေရပါတယ်၊။ ကျွန်မတို့လို့ ၀န်ထမ်းတွေက ပိုဆိုးတာပေါ့၊၊ တစ်ခါတစ်လေ မြန်ချင်လို့ လူသိပ်မပါတဲ့ ကြားကားစီးရင် ကားခက (၂)ဆ ပိုပေးရပါတယ်၊၊ မှတ်တိုင်ကနေ့ ရုံးကို ဆိုက်ကားထပ်စီးရတော့ တက္ကစီခရဲ့ တ၀က်လောက်တော့ ကုန်တာပေါ့၊၊ ဒါတောင် ရုံးချိန်မမိလို့ လစာကပါ ထပ်ဖြတ်ပြန်တော့ ပိုဆိုးရော၊။ လစာတွေက မတိုး၊ ကုန်ဈေးနှုန်းတွေက တက် လူတွေလည်း ချွေတာရတာနှင့် ကြာရင် လူပုံရောပေါက်ပါအုံး မလားလို့ တောင် ကျွန်မ ခဏခဏ စဉ်းစားမိ ပါသေး တယ်၊၊ ခုနောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံ ကလူတွေ ဘတ်စကားစီးတဲ့လူဦးရေပိုများလာတာကို တွေ့နေရပါတယ်၊၊ လောင်စာဆီတွေက ဈေးကြီးတော့ တော်ရုံကိစ္စဆို ဘတ်စကားပဲစီးနေကြတယ်ထင်ပါရဲ့၊၊ မှတ်တိုင်မှာ လူတွေကပုံ၊ ဘတ်စကားတွေက မလာ၊လာတော့လဲ ၀ိုင်းတိုးပီးတက်ရတယ်၊စီးရတယ်၊၊ ကြာရင် မိန်းကလေးတွေ ထမိန်ဝတ်ပြီးတက်ဖို့တော့ မလွယ်တော့ပါဖူး၊၊ ဒါလဲ၊ ဒုက္ခတခုပါပဲ၊၊
ဘတ်စကားတွေဘယ်ရောက်ကုန်ပါလိမ့်၊၊
စပယ်ယာ တစ်ယောက်ပြောပြတာကတော့ ခုနောက်ပိုင်း ဘတ်စကားတွေကို တိုးချဲ့ပေးပေမဲ့ ၊ ဘတ်စကားအားလုံးဟာ ဆီဆိုင်မှာ တန်းစီနေရတော့ ဆီရှိတဲ့ကားတွေပဲ ကားမောင်းထွက်လို့ရလို့ ကားအစီးရေနည်းနေတာလို့ပြောပါတယ်၊၊ သူတို့လဲ ဆီ(ဓါတ်ငွေ့) ထုတ်တဲ့နေ့ဆို တစ်ညလုံးမအိပ်ရပါဖူးတဲ့ ကြာရင် စပယ်ယာတွေလည်း ဒေါင်းတော့မယ်တဲ့၊၊ ခရီးသည်တွေ မနက်မနက် လိုရာခရီးသွားဖို့ ဒီလိုမျိုးတွေနှင့် ကြုံပါများတော့ သူတို့လည်း သူ့မကယ်နိုင်၊ကိုယ်မကယ်နိုင်ဖြစ်နေကြပါရော့လား၊၊တိုးတက်နေတဲ့ခောတ်ကြီးမှာ ကျွန်မတို့ကတော့ တနေ့တနေ့ ဘတ်စကားပဲ တိုးတက်နေ ရပါလားလို့ စဉ်းစားမိလို့ပါ၊၊
ကဲ ဘာဆက်လုပ်ကြမလဲ၊၊???
ဒုက္ခ…..ဒုက္ခ…..ဒုက္ခ……လို့ပဲအော်နေရတော့မလား၊၊
ဒုက္ခကိုသိတိုင်း တရားရနိုင်မယ်ဆိုရင် ကျွန်မတို့ဆီကို လာလည်ကြပါလို့ တရားရှာ လိုသူများကို ဖိတ်ခေါ်ချင်စိတ်ပေါ်လာမိပါတယ်ရှင်၊၊