မိသားစုတိုင်းမှာ ပြသနာ မဟုတ်တဲ့ ပြသနာလေးတွေ ရှိကြမှာပါ၊၊ ကျွန်မတို့ မိသားစုလေး အကြောင်းကို ဖတ်ပြီးရင် အတွေးတစုံတရာ ရခဲ့မယ်ဆိုရင် ကျွန်မကျေနပ်မှာပါ၊။ ကျွန်မအနေနှင့်က ဒါတွေက ကျွန်မဘ၀နှင့် ရင်းပီး ခံစားလာခဲ့ရတဲ့ အသိလေးတွေပါ၊၊
ငယ်ငယ်ကတော့ ဖေဖေကို ပိုချစ်တယ်လို့ ထင်ခဲ့ပါတယ်၊၊ ဘာလို့လဲ ဆိုတော့ ဖေဖေက သိပ်မရိုက်ခဲ့လို့ပါပဲ၊၊
ကျွန်မဘ၀မှာ ဖေဖေရိုက်ဖူးတာ နှစ်ခါပဲရှိပါတယ်၊၊ သတိရတိုင်းဖေဖေ့ကို ပြန်ပြောမိတာ ဖေဖေစိတ်မကောင်း ဖြစ်ပြီး မျက်ရည်လည်တာကို ကျွန်မတွေ့ခဲ့ဖူးပါတယ်၊၊ ငယ်ငယ်ကတော့ ဖေဖေ အဲလိုခံစားရတာတွေရင် ကျွန်မကျေနပ်ခဲ့ပါတယ်၊။ ဖေဖေတယောက်တော့ သူ့အချစ်ဆုံးသမီးကို ရိုက်ခဲ့မိတာ နောင်တရနေပီလို့ပေါ့၊၊ ဘာလို့လဲဆိုတော့ ကျွန်မကလေ မိဘနှင့်သားသမီးကြားမှာ ရိုက်ပြီးဆုံးမတာကို အရမ်းမုန်းခဲ့မိလို့ပါ၊၊
ပထမဆုံးအကြိမ် ဖေဖေရိုက်တာကတော့ ကျူရှင်ဆရာမကြောင့်ပါ၊။ ဆရာမက အရမ်းအရိုက်ကြမ်းပါတယ်၊၊ စာမရရင် ကိုယ်တုံးလုံးချွတ်ပီး ရိုက်တတ်ပါတယ်၊၊ ကျွန်မက အဲဒီဆရာမကို လမ်းမှာတွေ့ရင် ထွက်ပြေး တတ်ပါတယ်၊၊ နှုတ်မဆက်ရဲလို့ပါ၊၊ အဲဒီနေ့က ဖေဖေရုံးသွားဖို့ နီးနေတဲ့အချိန် ကျွန်မက ကျူရှင်မှာ ကျောင်းစာအုပ်ကျန်ခဲ့လို့ ဖေဖေ့ကို လိုက်ပို့ခိုင်းပါတယ်၊၊ ဖေဖေက ကျူရှင်အပြင်ကနေ စောင့်ပေးပါတယ်၊၊ ကျွန်မလဲ ကြောက်ကြောက်နှင့် ဆရာမ၊ စာအုပ်ကျန်ခဲ့လို့ပါဆိုတော့ ၊နေ့လည်စာချက်ရင်း အလုပ်ရှုပ်နေတဲ့ ဆရာမက မိဘတွေကအသုံးမကျဖူး၊၊ ကိုယ်သားသမီးကိုဂရုမစိုက်ဖူး၊ ဘာပဲဖြစ်ဖြစ်ဆရာမပဲလို့ပြောပြီး ရှာပေးပါတယ်၊။ အဲဒီစကားကိုကြားသွားတဲ့ ဖေဖေက ကျွန်မကြောင့် သူအရှက်ကွဲရတယ်ဆိုပြီး ရုံးကို မသွားတော့ပဲ ပေတံ(၃)ချောင်းကျိုးသွားတဲ့အထိ ရိုက်ပါတယ်၊။ပြီးတော့ ဒေါသမပြေသေးလို့ တမြက်စည်းနှင့် ဆက်ပီး ရိုက်ပါတယ်၊၊ သူဒေါသပြေမှပဲ ရုံးသွားပါတယ်၊၊ ညနေရုံးကပြန်လာမှ ဖေဖေက မုန့်ဖိုး(၇၅)ပြားပေးပီး ပြန်ချော့ပါတယ်၊၊ အဲဒီအချိန်ကကျွန်မရတဲ့မုန့်ဖိုးက(၂၅)ပြားပါ၊။ ဖေဖေလဲ ဒေါသပြေတော့ စိတ်မကောင်းတော့ ပြန်ချော့တာပေါ့၊၊ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ ကျွန်မဘ၀ရဲ့ ဒဏ်ရာတစ်ခု ဖြစ်ခဲ့တာ ဘယ်သူမှ မသိခဲ့ပါဖူး၊၊
ပြန်စဉ်းစားကြည့်တော့ ကျွန်မ သတိမေ့ပီး စာအုပ်ကျန်ခဲ့တာ၊ အကြောက်လွန်ပီး မသွားရဲတာက ပထမ ပြသနာပါ၊၊ ဖေဖေကလည်းရုံးကို အချိန်မီသွားဖို့အချိန်မှာ ကျွန်မကဖေဖေကို ဂျီကျမိတာကိုး၊ ဆရာမတွေက လည်း မနက်ဖက် ထမင်းချက်နေတဲ့အချိန်၊ အလုပ်ရှုပ်ဆုံးအချိန်မှာ ကျွန်မကရောက်သွားတော့ သူတို့်လည်း စိတ်တိုပီး ကျွန်မဖေဖေ ပါလာတာကို မသိပဲ ပြောမိတာနေမှာပါ၊၊ အဓိက တရားခံကတော့ သတိ ပါပဲ၊၊
တကယ်တော့ ကျွန်မဟာ ဖေဖေရိုက်တာတွေ အသေးစိတ်မှတ်မိနေပေမဲ့ မေမေရိုက်တာတွေကိုတော့ မမှတ်မိပါဖူး၊၊ များလွန်းလို့ပါ၊၊
ကျွန်မဟာ အိမ်မှာအကြီးဆုံးဖြစ်ပြီး၊ ခေါင်းအမာဆုံး ၊ မေမေ့ရဲ့ အရိုက်ကို အခံရဆုံးလူတယောက်ပါ၊၊ ကျွန်မမေမေက ဒေါသ အရမ်းကြီးတတ်ပါတယ်၊၊ ဒေါသထွက်ရင် ဘာမှရှင်းပြတာကို လက်မခံပဲ ရိုက်တတ် ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဘာပဲလုပ်လုပ် တစ်ခုခုမှားခဲ့ပြီဆိုရင် ကျွန်မက အကြီးအဆုံး အနေနှင့် တာဝန်မကျေဖူးဆိုပြီး အရိုက်ခံရတာက များပါတယ်၊၊ ကျွန်မကလည်း ကျွန်မမှန်တယ်လို့ ထင်ရင် ကျွန်မပြောချင်တဲ့၊ ရှင်းပြချင်တဲ့ စကားတွေ ကို ပြောလို့မပြီးမချင်း ၊ မေမေ့ အရိုက်ကို ခံပြီးပြောခဲ့ပါတယ်၊၊ မေမေက ကျွန်မရဲ့ ခေါင်းမာမှုတွေကိုချွတ်မယ်ဆိုပီးရိုက်လိုက်တာမေမေမောသွားပြီး လက်လျော့သွားပါတယ်၊၊ အဲလိုအချိန်တိုင်းမှာ ဖေဖေဟာ ကျွန်မနှင့်မေမေကြားမှာ အမြဲရပ်တည်ပေးခဲ့ပါတယ်၊၊ မေမေရိုက်တိုင်း ကျွန်မ ထွက်မပြေးရင်တောင် ဖေဖေက ရှေ့ကနေ အရိုက်ခံပေးခဲ့ပါတယ်၊၊ ကျွန်မက ရိုက်ရင်ငိုလေ့ငိုထ မရှိပါဖူး၊၊ အဘွားကပဲ ဖြစ်ဖြစ် ၊ ဖေဖေကပဲ ဖြစ်ဖြစ် လာပြီး သမီး ဘယ်နားနာသွားလဲ မေးမှ ငိုတတ်တာပါ၊၊ တကယ်လို့မှား မမေးခဲ့ရင် ကျွန်မဘယ်လောက်ကြာကြာ မျက်ရည်ကျလေ့မရှိပါဖူး၊။ ကျွန်မကိုမေမေရိုက်ပြီး တိုင်း ကျွန်မဟာ သူများရှာမတွေတဲ့ချောင်လေးတစ်ခုကို ရှာပြီးပုန်းနေတတ်ပါတယ်၊၊ ကျွန်မကို လိုက်ရှာမတွေ့တာကို ကြည့်ပြီး ကျွန်မပျော်နေတတ်ပါတယ်၊၊ အဲလိုနဲ့ ကျွန်မ အိပ်ပျော်သွားပြီး ဖေဖေလာချီတဲ့ အချိန်ထိ ကျွန်မစောင့်နေလေရှိပါတယ်၊၊ တကယ်တော့ ဖေဖေက ကျွန်မစိတ်ကို နားလည်စွာနှင့် ကျွန်မကို ဒီလိုအချိန်ချော့လိုမရဖူးဆိုတာ သိပြီး ကျွန်မ အိပ်မှ လာခေါ်တာ ကျွန်မခုမှပဲ နားလည်တော့တယ်၊၊ သြော် ကျွန်မတော်တော်ဆိုးခဲ့ပါလားလို့လေ၊၊ ကျွန်မငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားပြီးတော့ မေမေကို အပြစ်တင်တာတော့ မဟုတ်ပေမဲ့ မိဘနှင့် သားသမီးကြားမှာ နားလည်မှု ဆိုတာ အရမ်းအရေးကြီးတာကို နားလည်လိုက်ရပါတယ်၊၊ တကယ်လို့များ မေမေသာကျွန်မရှင်းပြတာကိုနားထောင်ပေးရင်၊ ကျွန်မလို ခေါင်းမာတတ်တဲ့ လူတယောက်ရဲ့စရိုက်ကို ဖေဖေလို နားလည်ပေးပြီး ဆက်ဆံပေးခဲ့ရင် ကျွန်မ ရဲ့ငယ်ဘ၀ မှာ စိတ်ဒဏ်ရာဒဏ်ချက်တွေ မရှိတော့ဖူးလို့ ကျွန်မယူဆမိပါတယ်၊၊ ကျွန်မဖက်ကလည်း မေမေကို နားလည်ပေးမှု တစ်ခု လည်းလိုမှာပါ၊၊ ကျွန်မဖေဖေက အစိုးရ၀န်ထမ်းအရာရှိတစ်ဦးဖြစ်ပေမဲ့ ဖေဖေ လစာမလောက်လို့ မေမေကနေတိုင်းဈေးရောင်းပီး တဖက်တလမ်းကနေ အိမ်စာရိတ်ကို ရှာပေးရတာပါ၊၊ ကျွန်မကတော့ ကလေးပီပီ မေမေ မိသားစု အတွက် ဘယ်လောက်ထိ ပင်းပန်းမယ်ဆိုတာကို တခါမှ မစဉ်းစားပေးခဲ့ပါဖူး၊၊ မေမေအရမ်းမောပြီး၊အရမ်းပင်ပန်းနေခဲ့တဲ့အချိန်မှာ၊ကျွန်မကပြန်ပြောမိတော့၊မေမေစိတ်ကို နားမလည် ပေးခဲ့တာကို ခုအချိန်မှာ ပြန်စဉ်းစားပြီး အရမ်းနောင်တ ရမိပါတယ်၊၊
မေမေကျွန်မကို အကြီးအကျယ်ရိုက်ခဲ့တာ ကျွန်မ (၅)တန်းတုန်းကပါ၊၊ ကျွန်မတို့မိသားစုမှ ကျွန်မတို့ မောင်နှစ်မ လေးယောက်ရယ်၊ အဘွားရယ်၊ ဖေဖေ ၊မေမေ အားလုံး (၇)ယောက်ပါ၊၊ ကျွန်မတို့အိမ်က လေယဉ်ကွင်းနှင့်နီးပါတယ်၊၊လေဆိပ်အလွန်မှာတောတွေရှိပါတယ်၊၊အဲဒီတောထဲမှာ ရွာလေးတစ်ရွာရှိပါတယ်၊၊ အိမ်တအိမ်နှင့်တစ်အိမ်မမြင်ရပါဖူး၊၊ ခြုံတွေနှင့် အုံ့ဆိုင်းနေတာပါ၊၊ အဲဒီရွာမှာ မေမေ့ဆိုင်ရှေ့မှာပန်းပင် လာရောင်းတဲ့ မိသားစုတွေနေပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ တစ်ခါတော့ အလည်ခေါ်သွားလို့ ရောက်ဖူးပါတယ်၊၊ ယာထဲမှာ သခွါးသီး၊ မရမ်းပင်၊ ဘဲငန်းတွေ အခြားအသီးအနှံတွေ အများကြီးလဲရှိပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေ အဲဒီနေရာရောက်ရင် အရမ်းပျော်ပါတယ်၊၊ အဲဒီအချိန်က မောင်လေး အငယ်ဆုံးက လမ်းလျှောက်တတ်ခါစပါ၊၊ ရုံးပိတ်ရက်၊ ဈေးပိတ်ရက် ဖြစ်တော့ မေမေက ကလေးထိန်းရင်း ဆော့နေပါလို့ ပြောပါတယ်၊၊ သူကတော့ အိမ်အလုပ်တွေလုပ်နေတာပဲ၊၊ ကျွန်မတို့တွေ လမ်းလျှောက်ရင်း လျှောက်ရင်းနဲ့ အိမ်နှင့်တော်တော်ဝေးလာပါတယ်၊၊ လေယဉ်ကွင်းနှင့်လဲ နီးလာပါတယ်၊၊ ကျွန်မညီမအကြီးနှင့်မောင်လေး အကြီးက တောထဲကမိသားစုဆီရောက်အောင် သွားကြစို့လို့ ကျွန်မကိုပြောပါတယ်၊၊ ကျွန်မလည်း မေမေ ရိုက်မယ်လို့ ပြောပီးငြင်းပါတယ်၊၊ ဒါပေမဲ့ သူတို့ (၂)ခါမပြောရပါဖူး၊၊ ကျွန်မကိုယ်တိုင်ကလည်း သွားချင်နေတော့ သွားကြစို့လို့ပြောပီး လူမရှိတဲ့တောတဲ့ ရောက်အောင်သွားကြပါတယ်၊၊ လမ်းမှာ လူတောင်မတွေ့ပါဖူး၊၊ ကျွန်မတို့ မောင်နှစ်မတွေ ရောက်သွားတော့ ဟိုအိမ်ကလူတွေ အံ့သြသွားပြီး ကျွန်မတို့ကို ထမင်းကျွေးပီး ပြန်လိုက်ပို့ပေး မယ်လို့ ပြောပါတယ်၊၊ သူတို့တွေ ဘဲငန်းဥတွေကြော်ပြီး ထမင်းခူးနေတဲ့အချိန်မှာ မေမေဆိုင်ကယ်နှင့် ရောက်လာပါတယ်။ ကျွန်မတို့တွေ ပျောက်လို့ မြိတ်မြို့  တမြို့လုံး အော်ပီး ရှာပီးပီလို့ ပြောပါတယ်၊၊ နောက်မှ စဉ်းစားမိလို့ ဒီကိုရောက်လာတာလို့ပြောပြီး ကျွန်မတို့ မောင်နှစ်မလေးယောက်လုံးကို အိမ်ကို ပြန်ခေါ်လာပါတယ်၊၊ အိမ်ရောက်တော့ မေမေက ကျွန်မကိုတိုင်မှာ ကြိုးတုတ်ပီးရိုက်ပါတယ်၊၊ အိမ်ဘေးနားက အဘွားကြီးတယောက်ကလဲပြောပါတယ်၊၊ အကြီးဆုံးအသုံးမကျတာ အကြီးကိုပဲရိုက်တဲ့၊၊ ကျွန်မ အဲဒီ အဘွားကြီးကိုအရမ်းမုန်းခဲ့ပါတယ်၊၊မေမေကိုလည်းစိတ်နာပါတယ်၊၊သွားတာ(၄)ယောက်ကိုကျွန်မကိုပဲရိုက်လို့လေ၊၊၊
ပီးတော့ အကြီးဆုံး၊ နင့်မှာ တာဝန်အရှိဆုံးဆိုတဲ့စကားကြီးကိုလည်း မုန်းမိပါတယ်၊၊ ခုမှသိရတာကတော့ အဲဒီတောထဲမှာ လူတွေသတ်ပီးထားနေကြလို့ ပြောပါတယ်၊၊ ကျွန်မတို့ မောင်နှစ်မတွေက ကလေးတွေပီပီ ဘာမှ မစဥ်းစားမိပဲ သွားခဲ့ကြတာကိုး၊၊ မေမေလည်း စိတ်ပူလွန်းလို့ ရိုက်မိတာနေမှာပါ၊၊
ဒါပေမဲ့ လူကြီးတွေက အဲဒီအချိန်က ရိုက်ပီး ဆုံးမမှ လိမ်မာမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားကြတာကို ကျွန်မလက်မခံနိုင်လွန်းလို့ မေမေရိုက်တိုင်း ထွက်မပြေးပဲ ရပ်နေခဲ့ပါတယ်၊၊ ကျွန်မအောက်က အငယ်တွေဆို မေမေရိုက်ရင် အိမ်ကို ပတ်ပြေးလွန်းလို့ ကြာလာတော့ မေမေလိုက်ရင်းနှင့် မောပီး၊ မလိုက်နိုင်တော့လို့ အရိုက်မခံရတတ်ပါဖူး၊၊နောက်ဆုံး မေမေက သူနှင့် ကလေးတွေ စိန်ပြေးတမ်း ကစားသလို ဖြစ်နေတယ်ဆိုပီး မရိုက်တတ်ပါဖူး၊၊ ခေါင်းမာလွန်းတဲ့ ကျွန်မကတော့ မေမေရိုက်တော့မယ်ဆိုရင် ရိုက်ပါမေမေ၊၊ မေမေမွေးထားတာပဲလို့ စကားနာ ထိုးပြီး လက်ပိုက်ရပ်နေလေ့ရှိပါတယ်၊။ ကဲ ကျွန်မလို မဆိုးကြနဲ့နော်၊၊ တကယ်လိုများ၊မိဘဆိုတဲ့နေရာရောက်လာခဲ့ရင်။ကိုယ်သမီးရဲ့စိတ်ကိုလေ့လာပြီးမှ ထိန်းကြောင်းပေးနိုင်မယ် ဆိုရင်တော့ကျွန်မလို၈ျစ်ကန်ကန်နှင့်ခေါင်းမာတတ်တဲ့၊လုပ်ချင်ရာလုပ်တတ်တဲ့၊ကလေးတယောက်လျော့သွား မယ် လို့ ယူဆမိပါရဲ့၊၊ ကျွန်မကြားဖူးတာကတော့ သားသမီးဆိုတာ၊ ပန်းပုထုသလိုပဲတဲ့၊၊ မိဘ ပုံသွင်းနိုင်ရင် သွင်းနိုင်သလိုပဲတဲ့၊ တစ်နေ့ကြရင် ကျွန်မဟာမိဘဆိုတဲ့နေရာတစ်ခုကိုေ၇ာက်ရင်ရော၊၊ ကျွန်မလုပ်နိုင် ပါ့မလား၊၊ ကျွန်မနှင် ထပ်တူတဲ့ သမီးမျိုး ကျွန်မမွေးလာခဲ့ရင် ကျွန်မ ဘယ်လိုခံစားရမလဲ၊၊ ကျွန်မလို့မျိုး မခံစားရအောင် ကျွန်မလုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်မိပါ၇ဲ့၊၊ ဘာလို့လဲဆိုတော့ လူ့ဘ၀ဆိုတာ အရမ်း ရှုပ်ထွေးပြီး ကြမ်းတမ်းတယ်လို့ ကျွန်မခံစားနေမိလို့ပါပဲ၊၊
အားလုံးပဲ သာယာ အေးချမ်းတဲ့ မိသားစုဘ၀လေးကို တည်ထောင်နိုင်ကြပါစေ၊၊

3 comments:
ဒီစာကို ဖတ်ပီး စိတ်ထဲမှာ နင့်သွားတယ်.. ကိုယ်တိုင်ကလဲ ငယ်ငယ်က ခဏခဏ အရိုက်ခံရတော့ ကိုယ်ချင်းစာမိတယ်။ စာရေးတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ရေးပါ ညီမ..
U r a good writer. Keep on ur blog.
သိတ်ကောင်းတဲ့စာတစ်ပုဒ်ပါဘဲ။
ကိုယ်ချင်းစာမိပါတယ်။
Post a Comment